ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်မှတ်ချက်နှင့်ပတ်သက်၍ တရုတ်၏ ပြောဆိုမှုကို ဂျပန်က ကုလသမဂ္ဂအကြီးအကဲထံ စာတစ်စောင်ပေးပို့ ငြင်းဆို
ဂျပန်ဝန်ကြီးချုပ် Takaichi Sanae ၏ ထိုင်ဝမ်မှတ်ချက်နှင့်ပတ်သက်၍ တရုတ်၏ အခိုင်အမာပြောဆိုချက်ကိုငြင်းပယ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ ဂျပန်က စာတစ်စောင် ပေးပို့ခဲ့သည်။
တရုတ်၏ အင်အားအသုံးပြုမှုပါဝင်သော ဖြစ်နိုင်ခြေရှိသည့် ထိုင်ဝမ် အရေးပေါ်အခြေအနေသည် ဂျပန်၏ရှင်သန်မှုကို ခြိမ်းခြောက်မည့် အခြေအနေဟု ယူဆနိုင်ကြောင်း Takaichi က ယခုလအစောပိုင်းက လွှတ်တော်အတွင်း၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ထံသို့ လွန်ခဲ့သည့် သောကြာနေ့ (နိုဝင်ဘာ ၂၁) က စာတစ်စောင် ပေးပို့ခဲ့သည်။
ဝန်ကြီးချုပ် Takaichi ၏ မှတ်ချက်များကို ရည်ညွှန်းပြီး "ဂျပန်သည် ထိုင်ဝမ်နှင့်ပတ်သက်သည့်မေးခွန်းတွင် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ရန် ရည်မှန်းချက်ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်" ၊ "ဂျပန်က တရုတ်နိုင်ငံအပေါ် အင်အားသုံးခြိမ်းခြောက်မှုကို ပထမဆုံး အကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်" ဟု အဆိုပါစာ၌ ဖော်ပြထားသည်။
ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Yamazaki Kazuyuki က အတွင်းရေးမှူးချုပ် Guterres ထံသို့ တနင်္လာနေ့ (နိုဝင်ဘာ ၂၄) က ငြင်းဆိုလွှာတစ်စောင်ကို တင်ပြခဲ့ပြီး တရုတ်၏ ပြောဆိုချက်များသည် "အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိသကဲ့သို့ ၊ အခြေအမြစ်မရှိကြောင်း" ဖော်ပြထားသည်။
"ထိုင်ဝမ်နှင့် ပတ်သက်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ထားသည့် မိမိတို့၏ မပြောင်းလဲသောရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုကြောင်း" အဆိုပါစာ၌ ဖော်ပြထားသည်။
ကိုးကား- NHK
