ဟောင်ကောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝါးငြမ်းများကို အသုံးပြုလျက်ရှိ

News Image

  • ဟောင်ကောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝါးငြမ်းများကို အသုံးပြုလျက်ရှိ

ဟောင်ကောင်ရှိ မီးလောင်ကျွမ်းခဲ့သော အဆောက်အအုံတစ်ခုသည် ဟန်မင်းဆက်ခေတ်ကတည်းက ပေါ်ပေါက်ခဲ့သော ရှေးဟောင်း ဆောက်လုပ်ရေး နည်းပညာဖြစ်သည့် ဝါးငြမ်း (bamboo scaffolding) များဖြင့် ကာရံကာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိသည်။ ထိုနည်းပညာကို မြို့တော်တွင် ယနေ့တိုင် အများဆုံး အသုံးပြုနေဆဲ ဖြစ်သည်။

အဆိုပါဝါးငြမ်းများကို ပေပေါင်းရာနှင့်ချီမြင့်သော အဆောက်အအုံများ တွင် တည်ဆောက်ကြပြီး၊ အလုပ်သမားများ ဘေးကင်းစေရန် အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်စသည့် အရောင်အသွေးစုံလင်သော ပိုက်ကွန်လုံခြုံရေးအကာများဖြင့် ရစ်ပတ်ထားရာ ရောင်စုံပိုးအိမ်များ ကဲ့သို့ ဖြစ်နေသည်။

ဝါးကို အဆောက်အအုံအသစ်များ ဆောက်လုပ်ရာတွင်သာမက၊ နှစ်စဉ် နှစ်တိုင်း သမိုင်းဝင် အိမ်ရာဟောင်းများ (“tong lau”) ထောင်ပေါင်း များစွာကို ပြုပြင်မွမ်းမံရာတွင်လည်း အသုံးပြုနေရသဖြင့် ဟောင်ကောင် အတွက် မရှိမဖြစ် ဆောက်လုပ်ရေးပစ္စည်း ဖြစ်နေသည်။

သို့သော်လည်း အဆိုပါနည်းပညာသည် ၎င်း၏ဘေးကင်းရေးနှင့် တာရှည် ခံမှုအတွက် မေးခွန်းများရှိနေသည်။ ဝါးသည် ပျော့ပြောင်းမှုအတွက်ချီးကျူးခံရသော်လည်း၊ တစ်ဖက်တွင် မီးလောင်လွယ်ပြီး အချိန်ကြာလာသည် နှင့် အမျှ ပျက်စီးယိုယွင်းနိုင်ခြင်း သဘောသဘာဝ ရှိပါသည်။

ဟောင်ကောင်၏ ဖွံ့ဖြိုးရေးဗျူရို (Development Bureau) သည် မကြာသေးမီက ထုတ်ပြန်ခဲ့သည်မှာ မတ်လမှ စတင်တည်ဆောက်မည့် အစိုးရပိုင် အဆောက်အအုံ စီမံကိန်းအသစ်များ၏ ၅၀% ကို သတ္တုငြမ်း များ အသုံးပြုရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ရခြင်း မှာ "လုပ်သားများကို ပိုမိုအကာအကွယ်ဖြစ်စေရန်" နှင့် "အဆင့်မြင့် မြို့များ" ရှိ ခေတ်မီဆောက်လုပ်ရေးစံနှုန်းများနှင့် ကိုက်ညီစေရန် ဖြစ်ကြောင်း သိရှိရသည်။ ထိုထုတ်ပြန်ချက်ကြောင့် ဒေသခံများထံမှ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ရာ၊ ၎င်းတို့အနက် များစွာသောသူတို့က ဝါးငြမ်းသည် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်သည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။

ဗြိတိန် အင်ဂျင်နီယာကုမ္ပဏီ Arup မှ အဆောက်အအုံဆိုင်ရာ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဂိုမန်ဟို (Goman Ho) က CNN သို့ ပြောကြားရာတွင် "မိမိတို့အနေဖြင့် ထိုပြဿနာကို ကျော်လွှားနိုင်မည့် နည်းလမ်းတွေကို ရှာဖွေရန် လိုပါသည်" ဟု ပြောကြားခဲ့ပြီး၊ ဝါးတိုင် များကို တိုက်စားမှုမှ ကာကွယ်ရန်အတွက် Epoxy သို့မဟုတ် ပလတ်စတစ် ဖြင့် ဖုံးအုပ်ထားနိုင်ကြောင်း အကြံပြုခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂