ထိုင်းမြောက်ပိုင်းတွင် တောမီးလောင်မှုများကြောင့် လေထုညစ်ညမ်းမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရ
ထိုင်းနိုင်ငံအထက်ပိုင်းဒေသအချို့၌ တောမီးလောင်ကျွမ်းမှုများ မြင့်တက်လာခြင်းကြောင့် လေထုညစ်ညမ်းမှုအခြေအနေသည် အန္တရာယ်ရှိသည့်အဆင့်တွင် ရှိနေပြီး ကျန်းမာရေးသတိပေးချက်များနှင့် တရားမဝင် မီးရှို့မှုများကို အရေးပေါ် နှိမ်နင်းရန် တာဝန်ရှိသူများက မတ်လ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် PM 2.5 အမှုန်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် များစွာကျော်လွန်နေပြီး ချင်းမိုင်ပြည်နယ်၌ တစ်ကုဗမီတာလျှင် ၂၉၂ ဒသမ ၆ မိုက်ခရိုဂရမ်အထိ အမြင့်ဆုံး စံချိန်တင်ကြောင်း ညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ လေထုညစ်ညမ်းရခြင်းမှာ စိုက်ပျိုးရေးအတွက် လယ်ကွင်းများကို မီးရှို့ခြင်းနှင့် နယ်စပ်ဖြတ်ကျော်လာသည့် မီးခိုးငွေ့များကြောင့် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မတ်လ ၂၉ ရက် ဂြိုဟ်တုအချက်အလက်များအရ တစ်နိုင်ငံလုံးတွင် မီးလောင်သည့်နေရာ ၄၃၂၇ ခု တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းကျော်မှာ တောတောင်ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
ထို့နောက် တောမီးများကို ရှာဖွေငြှိမ်းသတ်ရန် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများကို အရေးပေါ် အမိန့်ထုတ်ပြန်ပြီး ဝေးလံခေါင်ဖျားသော ဒေသများသို့ ဒရုန်းများနှင့် လေယာဉ်များ အသုံးပြု၍ စစ်ဆေးနေကြောင်း သိရသည်။
Ref: Xinhua
MWD
