အီရန်စစ်ပွဲကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့်အခြေအနေများက ကလေးများအတွက် အသက်ကယ်ပစ္စည်းများပေးပို့မှုကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ ကလေးငယ်များအေဂျင်စီက ဇွန်လ ၂ ရက်တွင်သတိပေးထားသည်။ အထူးသဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်ပျက်စီးခြင်းတို့ကြောင့် ဖြစ်ကြောင်း သတိပေးချက်တွင်ဖော်ပြထားသည်။အီရန်စစ်ပွဲဖြစ်ပွားပြီးနောက် ရက် ၁၀၀နီးပါးအကြာတွင် ပင်လယ်ကွေ့ဒေသရှိ ကုန်သွယ်ရေးလမ်းကြောင်းများအနီး မလုံခြုံမှုများကြောင့် စက်သုံးဆီဈေးနှုန်းများနှင့် အာမခံနှုန်းထားများ မြင့်တက်လာကြောင်း၊ တစ်ချိန်တည်းမှာပင် သတ်မှတ်ဆိပ်ကမ်း မဟုတ်ဘဲ အခြားဆိပ်ကမ်းများတွင် ဆိုက်ကပ်ရသည့်အတွက် နှောင့်နှေးမှုများ ရှိကြောင်းနှင့် ထိုအခြေအနေများ အားလုံးကြောင့် ကယ်ဆယ်ရေးပစ္စည်းများပေးပို့မှုတွင် အဟန့်အတားဖြစ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ယခုနှစ်ပထမသုံးလပတ်အတွင်းမှာပင် လေယာဉ်စင်းလုံးငှားသယ်ယူပို့ဆောင်ရေးအတွက် တစ်နှစ်စာလှူဒါန်းမှုများ အားလုံးနီးပါးကို အသုံးပြုလိုက်ရကြောင်း၊ အဓိကအားဖြင့် ဂါဇာနှင့်လက်ဘနွန်သို့ ကယ်ဆယ်ရေးပစ္စည်းများကို လေယာဉ်များဖြင့် ပေးပို့ရခြင်းဖြစ်ကြောင်း သိရသည်။ Ref: STMWD
Thu, 4-Jun-2026