ဆန်အိတ်များ အိမ်အရောက်ပို့ဆောင်ရာတွင် ရွှေဘိုပေါ်ဆန်းကို အဝယ်များနေ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်း၍ ဆန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ကို အိမ်အရောက် ပို့စနစ်ဖြင့်ရောင်းချပေးရန်စီစဉ်ခဲ့ပြီး နိုဝင်ဘာလ (၂၆)ရက်က စတင်အော်ဒါကောက်ယူခဲ့ရာ ရွှေဘို ပေါ် ဆန်းဆန်ကိုအဝယ်များနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြော သည်။
အဆိုပါ အိမ်တိုင်ရာရောက်စနစ်အပြင် ကားဖြင့် ရပ်ကွက်များသို့လှည့်လည်၍ အိတ်အသေး (10 Kg, 5 Kg)များ လိုက်လံရောင်းချပေးမှုများ လည်းရှိနေကြောင်းသိရသည်။ “အမှာတွေများတယ်။ အဓိက ကတော့ ရွှေဘိုပေါ်ဆန်းများတယ်။ ရွှေဘိုပေါ်ဆန်းက အပြင်မှာဈေးကြီးတာကိုး။ လောလောဆယ်တော့ ရန်ကုန်ကို ဒီတစ်ပတ်နှစ်ပတ်စပြီးလုပ်ဦးမယ်။ နောက်လထဲ မှာတော့ နေပြည်တော်တို့၊ မန္တလေးတို့ပါ ဆက်ပြီးလုပ်မယ်။ ဘယ်နေရာဖြစ်ဖြစ်၊ မင်္ဂလာဒုံဖြစ်ဖြစ်၊ တောင်ဥက္ကလာဖြစ်ဖြစ်၊ မြောက်ဒဂုံဖြစ်ဖြစ်ပို့ ပေးပါတယ်။ ပို့ ဆောင်ခအခမဲ့ပါ”ဟု ၎င်းကပြောသည်။
ထိုသို့ရောင်းချရာတွင် ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်ဟောင်းတစ်အိတ်လျှင် (၁၈၀ဝဝဝ) ကျပ်၊ ဧရာဝတီပေါ်ဆန်း(ကြားပျံ) (၂၄)ပြည် ဆန် ဟောင်းတစ်အိတ်လျှင် (၁၅၀ဝဝဝ)ကျပ်နှင့် ဧရာဝတီ ပေါ် ဆန်း(ကြားပျံ) (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၃၀ဝဝဝ)ကျပ်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဧရာဝတီပေါ်ဆန်း(နယ်စုံ) (၂၄)ပြည် ဆန်ဟောင်းတစ်အိတ်လျှင် (၁၂၅၀ဝဝ)ကျပ်၊ ဧရာဝတီ ပေါ်ဆန်း (နယ်စုံ)(၂၄)ပြည် ဆန်သစ်တစ် အိတ်လျှင် (၁၁၅၀ဝဝ)ကျပ်၊ ရက် (၉၀) (၂၄)ပြည် တစ်အိတ်လျှင် (၇၅၀ဝဝ)ကျပ်နှင့် ဧည့်မထ (၁၅)မှတ်(၂၄)ပြည်တစ်အိတ်လျှင် (၅၀ဝဝဝ)ကျပ်တို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
“အဓိကကတော့ ဆန်ဆိုင်တွေမှာ တချို့ဟာတွေလှောင်ထားပြီးတော့ ဈေးတင်ပြီးရောင်းဖို့လုပ် နေတာဖြစ်လို့ ဈေးကွက်ကို နည်းနည်းလေးလှုပ် လိုက်တဲ့သဘောပါ။ ရွှေဘိုပေါ်ဆန်းကြီးပဲ နှစ်အိတ် သုံးအိတ် ဝယ်လို့မရဘူး။ ရွှေဘိုပေါ်ဆန်းတစ်အိတ်၊ ဧည့်မထ တစ်အိတ် အဲဒီလိုဝယ်မယ်ဆိုရင်ရမယ်။ ဆိုင်တွေက ဝယ်မှာစိုးလို့ စားသုံးသူကိုပဲရောင်းတာ ဖြစ်လို့ပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ဆန်များဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သော ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ သို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပြီး မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို SMS or Viber Message ပေးပို့ရ မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးပို့ပြီးနောက် ဝယ်ယူသူထံသို့ အဆိုပါဖုန်းနံပါတ်များမှ ချက်ချင်းပြန်လည်ဆက်သွယ် မည်ဖြစ်၍ ယင်းဖုန်းနံပါတ်မှပြောသည့် KBZ pay နံပါတ်ကိုသာ ငွေကြိုပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်း ပြီးစီးကြောင်းကို Viber သို့ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ငွေပေးသွင်းသည့်နေ့မှစ၍ ရုံး ဖွင့်ရက် (၃)ရက်အတွင်း ပေးပို့ထားသည့်လိပ်စာများ အတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် ပို့ဆောင် ပေးမည်ဖြစ်သော်လည်း အထပ်မြင့်သို့ပို့ဆောင်ရပါက ထိုက်သင့်သည့်ဝန်ဆောင်ခ ထပ်မံပေးရမည်ဖြစ်ကြောင်း သိရသည်။
NP News
