လေကြောင်းလိုင်းများစွာက Power Bank အသုံးပြုခြင်းကို တားမြစ် ပိတ်ပင်
၂၀၂၆ ခုနှစ် အစောပိုင်းမှစတင်၍ လေကြောင်းလိုင်းအများအပြားသည် ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်တွင် Portable Power Bank များ အသုံးပြုခြင်းကို ခွင့်မပြုကြောင်း ကြေညာခဲ့ကြပြီး Korean Air နှင့် Asiana Airlines တို့သည် ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်ကာ ထို အစီအမံကို နောက်ဆုံးအသုတ်အနေဖြင့် စတင်ကျင့်သုံးခဲ့ကြသည်။
Hanjin ၏ ထုတ်ပြန်ချက်အရ ၎င်းအုပ်စုတွင် ပါဝင်သော လေကြောင်းလိုင်း (၅) ခုဖြစ်သည့် Korean Air ၊ Asiana Airlines ၊ Jin Air ၊ Air Busan နှင့် Air Seoul တို့သည် ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ ပြည်တွင်းနှင့် ပြည်ပ ခရီးစဉ်နှစ်ခုလုံးတွင် လက်ကိုင်ဖုန်းများ၊ တက်ဘလက်များ၊ လက်ပ်တော့ များနှင့် ကင်မရာများအပါအဝင် မည်သည့် အီလက်ထရွန်းနစ်ပစ္စည်း ကို မဆို အားသွင်းရန်အတွက် Power Bank အသုံးပြုခြင်းကို ပိတ်ပင်သည့် စည်းမျဉ်းသစ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ခရီးသည်များသည် ၎င်းပစ္စည်းကို "လက်တစ်ကမ်းအကွာ" တွင်လည်း ထားရှိရမည်ဖြစ်သည်။ အားပြန်သွင်းနိုင်သော ဘက်ထရီများကို အပေါ်ဘက် အိပ်ခန်းများ (Overhead Compartment) အတွင်း သိမ်းဆည်းခြင်းကို "ပြင်းထန်စွာ တားမြစ်ထား" သည်၊ အကြောင်းမှာ မီးခိုးထွက်ခြင်း ကဲ့သို့သော ပုံမှန်မဟုတ်သည့် အခြေအနေများကိုသိရှိရန် ကြန့်ကြာစေပြီး ကြီးမားသောမတော်တဆမှုများကို ဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်သည်။
“လေယာဉ်ပေါ်တွင် Portable Power Bank များ အသုံးပြုခြင်းကို လုံးဝ တားမြစ်ခြင်းသည် လေယာဉ်ပျံသန်းမှုဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးရန်အတွက်လိုအပ်ပြီး မရှိမဖြစ်လိုအပ်သော အစီအမံတစ်ခု ဖြစ်သည်” ဟု Korean Air ၏ ကိုယ်စားလှယ်တစ်ဦးက Korea Herald သို့ ပြောကြားခဲ့သည်။ "ခရီးသည်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ပင် အရေးကြီးပါသည်" ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီလအစပိုင်းကတည်းက လေကြောင်းလိုင်းအများအပြားသည် အလားတူကြေညာချက်များကို ထုတ်ပြန်ခဲ့ကြသည်။ ဇန်နဝါရီ ၁၅ ရက်နေ့ တွင် Lufthansa ၊ Swiss ၊ Austrian Airlines စသည်တို့၏ နောက်ကွယ် ရှိ ဆွစ်ဇာလန်ကုမ္ပဏီ Lufthansa Group က ခရီးသည်များအနေဖြင့် လေယာဉ်ပျံသန်းနေစဉ်အတွင်း Power Bank များကို မသုံးစွဲသင့်ကြောင်းကြေညာခဲ့သည်။ တစ်ရက်အကြာတွင် ဖီဂျီသမ္မတနိုင်ငံသည် Fiji Airways နှင့် Fiji Link ခရီးစဉ်များတွင် Power Bank အသုံးပြုခြင်းကို ပိတ်ပင် ခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်နေ့တွင် အခြားတောင်ကိုရီးယား တန်ဖိုးနည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Jeju Air ကလည်း အဆိုပါ ပိတ်ပင်မှု ကို စတင်ကျင့်သုံးခဲ့သည်။ လွန်ခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက Emirates (UAE) ၊ Virgin Australia နှင့် Qantas (Australia) စသည့် လေကြောင်း လိုင်းသုံးခုတွင်လည်း အဆိုပါစည်းကမ်းကို ကျင့်သုံးနေပြီဖြစ်သည်။
ထိုလုပ်ဆောင်ချက်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက Gimhae လေဆိပ်မှ ဟောင်ကောင်သို့ ထွက်ခွာရန်ပြင်ဆင်နေသည့် လူပေါင်း ၁၇၆ ဦး တင်ဆောင်ထားသော Air Busan Airbus A321-200 လေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကို တုံ့ပြန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ မီးသည် လေယာဉ်၏နောက်ပိုင်းရှိ အပေါ်ဘက် အိပ်ခန်းအတွင်းမှ စတင်ခဲ့ပြီးနောက် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ခရီးသည် များနှင့် လေယာဉ်အမှုထမ်းများအားလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင် ခဲ့သော်လည်း လူ (၇) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့နောက်တွင် Air Busan သည် ခရီးသည်များအား အပေါ်ဘက်အိပ်ခန်းများအတွင်း Power Bank များ ထည့်သွင်းခြင်းကို တားမြစ်သည့် စည်းမျဉ်းကို ထုတ်ပြန်ခဲ့သည်။
Portable chargers များတွင် လက်ပ်တော့များ၊ လက်ကိုင်ဖုန်းများ၊ တက်ဘလက်များနှင့် e-Cigarettes များတွင် တွေ့ရသည့် လီသီယမ် ဘက်ထရီ (Lithium batteries) အမျိုးအစားကိုပင် အသုံးပြုထားသည်။ နိုင်ငံတကာ လေကြောင်းစံနှုန်းများအရ လီသီယမ်ဘက်ထရီများသည်ဝါယာရှော့ဖြစ်ခြင်း သို့မဟုတ် ထုတ်လုပ်မှုချို့ယွင်းချက်ကြောင့် ပျက်စီးခြင်း တို့ဖြစ်ပါက ကြီးမားသော မီးလောင်မှုများကို ဖြစ်စေနိုင်သောကြောင့် ၎င်းတို့ကို အပ်နှံပစ္စည်း (Checked baggage) များအတွင်း ထည့်သွင်း သယ်ဆောင်ခွင့် မပြုပေ။ လေယာဉ်အမှုထမ်းများကို များသောအားဖြင့် လေယာဉ်ပေါ်တွင်ပြဿနာဖြစ်ပေါ်သော ကိရိယာများကို သီးခြားခွဲထုတ်ထားနိုင်ရန် မီးသတ်ဆေးဘူးများ သို့မဟုတ် အပူဒဏ်ခံနိုင်သော ကွန်တိန်နာ/အိတ်များ ထောက်ပံ့ပေးထားလေ့ရှိသည်။
ကိုးကား- VN Express
Photo: The Star
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
