ကမ္ဘာနှင့်အရွယ်အစားတူပြီး သက်ရှိများ ရှင်သန်နိုင်ခြေရှိသော ဂြိုဟ်အသစ် ရှာဖွေတွေ့ရှိ
NASA ၏ အဆိုအရ သိပ္ပံပညာရှင်များသည် သက်ရှိများ ရှင်သန်နေထိုင်နိုင်ခြေရှိပြီး ကမ္ဘာနှင့် အရွယ်အစားတူညီသည့် ဝေးလံသော ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ HD 137010 b ဟု အမည်ပေးထားသည့် အဆိုပါဂြိုဟ်သည် ကမ္ဘာမှ အလင်းနှစ် ၁၄၆ နှစ်ခန့် အကွာအဝေးရှိ နေနှင့်တူသော ကြယ်တစ်လုံးကိုပတ်နေခြင်းဖြစ်ပြီး အင်္ဂါဂြိုဟ်ကဲ့သို့ အေးခဲသောအခြေအနေများ ရှိနိုင်သည်။ အဆိုပါတွေ့ရှိချက်များကို ယခုသီတင်းပတ်ထုတ် The Astrophysical Journal Letters တွင် ဖော်ပြ ခဲ့သည်။
ဩစတြေးလျ၊ ယူကေ၊ အမေရိကန် နှင့် ဒိန်းမတ်နိုင်ငံတို့မှ နိုင်ငံတကာ သုတေသီအဖွဲ့တစ်ဖွဲ့သည် ၂၀၁၇ ခုနှစ်အတွင်း NASA ၏ Kepler အာကာသကြည့်မှန်ပြောင်းမှ ၎င်း၏ တိုးချဲ့ထားသော K2 မစ်ရှင်အတွင်း ဖမ်းယူရရှိခဲ့သည့် အချက်အလက်များကိုအသုံးပြုကာ ထိုဂြိုဟ်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ HD 137010 b ကို ခေတ္တမျှ ဖြတ်သန်းသွားလာမှု (Transit) ဖြစ်စဉ်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် မိခင်ကြယ်၏ရှေ့မှ ဖြတ်သန်းသွားချိန်တွင် ကြယ်၏ အလင်းရောင် အနည်းငယ် မှေးမှိန်သွားစေခဲ့သည်။
ပူးတွဲလေ့လာသူတစ်ဦးဖြစ်သူ Southern Queensland တက္ကသိုလ်မှ Chelsea Huang ၏ အဆိုအရ အဆိုပါဂြိုဟ်သည် ကမ္ဘာနှင့်ဆင်တူသော ၃၅၅ ရက်ကြာမြင့်သည့် ပတ်လမ်းတစ်ခုရှိသည်ဟု ဆိုသည်။ နေနှင့် တူသော ကြယ်များကိုပတ်နေသည့် အခြားသောကမ္ဘာနှင့်တူသည့် ဂြိုဟ်အများစုမှာ များစွာပိုမိုဝေးကွာပြီး အလင်းရောင်ပိုမိုမှိန်ကြသည်။
"ယင်းက နောက်ဆက်တွဲ အရေးပါသည့် လေ့လာစောင့်ကြည့်မှုတွေ ပြုလုပ်နိုင်လောက်အောင် လင်းလက်သည့် နေနှင့်တူသည့် ကြယ်တစ်လုံးကိုပတ်နေပြီး ကမ္ဘာနှင့်တူသည့် အချင်းဝက်နှင့် ပတ်လမ်းဂုဏ်သတ္တိ တွေ ရှိသည့် ပထမဆုံး ဂြိုဟ်ပဲ ဖြစ်ပါသည်" ဟု သုတေသီများက ပြောကြားခဲ့သည်။
၎င်း၏ မိခင်ကြယ်ရှိ သက်ရှိများရှင်သန်နိုင်သောဇုန် (Habitable Zone) ၏ အပြင်ဘက်အစွန်းနားတွင် တည်ရှိနေသောကြောင့် အဆိုပါဂြိုဟ် သည် ကမ္ဘာက နေထံမှရရှိသော အပူနှင့်အလင်းရောင်၏ သုံးပုံတစ်ပုံအောက်သာ ရရှိမည်ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်အပူချိန်သည် အနှုတ် ၆၈ ဒီဂရီ ဆဲလ်စီးယပ်စ် (အနှုတ် ၉၀ ဒီဂရီ ဖာရင်ဟိုက်) ခန့်အထိအေးခဲနိုင်ပြီးအကြမ်းဖျင်းအားဖြင့် အင်္ဂါဂြိုဟ်နှင့် တူညီသည်။ သိပ်သည်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ကြွယ်ဝသော လေထုရှိပါက ဂြိုဟ်ကို နွေးထွေးစေနိုင်ပြီး သက်ရှိများ ရှင်သန်နိုင်သောဇုန်အတွင်း ကျရောက်ရန် ၄၀ မှ ၅၁ ရာခိုင်နှုန်းအထိ အခွင့်အရေးရှိကြောင်း သိပ္ပံပညာရှင်များက ဆိုကြသည်။
HD 137010 b သည် လက်ရှိတွင် ဂြိုဟ်လောင်း (Candidate planet) အဆင့်တွင်သာ ရှိသေးသည်။ ကြယ်၏ရှေ့မှ ဖြတ်သန်းမှု (Transit) ကို တစ်ကြိမ်သာ လေ့လာတွေ့ရှိရသေးပြီး၊ ၎င်း၏ တစ်နှစ်ကြာမြင့်သော ပတ်လမ်းကြောင့် ထပ်မံဖြတ်သန်းမှုများကိုတွေ့မြင်ရန် ခဲယဉ်းသည်။ အတည်ပြုချက်ရရှိရန်အတွက် NASA ၏ TESS ဂြိုဟ်တု သို့မဟုတ် ဥရောပ၏ CHEOPS မစ်ရှင်တို့မှ ရရှိနိုင်သော်လည်း အချို့သော အချက်အလက်များအတွက် မျိုးဆက်သစ် တယ်လီစကုပ်များကို စောင့်ဆိုင်း ရနိုင်သည်။
အဆိုပါ ဂြိုဟ်၏ အရွယ်အစား၊ ပတ်လမ်းနှင့် တောက်ပသော မိခင်ကြယ်တို့ကြောင့် HD 137010 b သည် နေအဖွဲ့အစည်းပြင်ပရှိ ကမ္ဘာနှင့် တူသော ဂြိုဟ်များအကြောင်း ပိုမိုသိရှိနိုင်ရန် နောက်ဆက်တွဲလေ့လာမှုများအတွက် အလားအလာကောင်းသော ပစ်မှတ်တစ်ခုဖြစ်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
