ထိုင်းစစ်တပ်က AI နှင့် အလိုအလျောက်မောင်းနှင်စနစ်သုံး ခေတ်သစ်စစ်ဆင်ရေးစီမံကိန်းကို အကောင်အထည်ဖော်မည်

News Image

  • ထိုင်းစစ်တပ်က AI နှင့် အလိုအလျောက်မောင်းနှင်စနစ်သုံး ခေတ်သစ် စစ်ဆင်ရေးစီမံကိန်းကို အကောင်အထည်ဖော်မည်

ထိုင်းတော်ဝင်စစ်တပ်သည် လျင်မြန်စွာပြောင်းလဲနေသော လုံခြုံရေးနှင့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ခေတ်သစ်စစ်ပွဲများတွင် AI နှင့် အလိုအလျောက်ထိန်းချုပ်မောင်းနှင်စနစ်သုံးနည်းပညာများ (Autonomous Technologies) ကို မြှင့်တင်အသုံးပြုသွားမည့် စစ်မဟာဗျူဟာစီမံကိန်းကို ချမှတ်လိုက်သည်။ 

စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥခရစ် ဘွန်တာနွန်ဒါ ဦးဆောင်ပါဝင်သော ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အရာရှိချုပ်များနှင့် အမျိုးသားရဲတပ်ဖွဲ့ချုပ်တို့၏ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ် စတုတ္ထအကြိမ်မြောက် အစည်းအဝေးတွင် ထိုင်းစစ်ဌာနချုပ်က ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုက်ဘာနယ်ပယ် အားလုံး အကျုံးဝင်သည့် နယ်ပယ်စုံစစ်ဆင်ရေး (All Domain Operations) ဆိုင်ရာ မျှော်မှန်းချက်ကိုချပြခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ပူးတွဲ စွမ်းဆောင်ရည်ကွပ်ကဲမှုဌာန (Joint Capabilities Command - JCC) အသစ်တစ်ခုကို တည်ထောင်ရန်စီစဉ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုမဟာဗျူဟာသည် စစ်ဆင်ရေးတိကျမှုကို မြှင့်တင်ရန်၊ စစ်သည်အကျအဆုံးလျှော့ချရန်နှင့် စစ်ဆင်ရေးများကို ၂၄ နာရီပတ်လုံး အဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အဆိုပါ အလိုအလျောက်ထိန်းချုပ်မောင်းနှင်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းစစ်တပ်သည် အဆင့်သုံးဆင့်ပါဝင်သော မူဘောင်တစ်ခုကို သတ်မှတ်ထားသည်။ ပထမအဆင့်တွင် တိုက်ခိုက်ရေးဒရုန်းများနှင့် ဗုံးရှင်းလင်းရေးစက်ရုပ်များကဲ့သို့ လူသားများကသာ နောက်ဆုံးဖြတ်ချက်ချမည့် စနစ်၊ ဒုတိယအဆင့်တွင် မောင်းသူမဲ့ရေယာဉ်များနှင့် အလိုအလျောက် မောင်းနှင်သည့်ယာဉ်တန်းများကဲ့သို့ လူသားများ၏ ရံဖန်ရံခါ ကြီးကြပ်မှုဖြင့် လည်ပတ်မည့်စနစ်နှင့် တတိယအဆင့်တွင် လူသားများဝင်ရောက်ရန် မဖြစ်နိုင်သည့် အန္တရာယ်ကြီးမားသော ပတ်ဝန်းကျင်များအတွက် အလို အလျောက်ထိန်းချုပ်မောင်းနှင်သည့် ဒရုန်းအုပ်စုများ (Drone Swarms) ကဲ့သို့ အပြည့်အဝ ကိုယ်ပိုင်ထိန်းချုပ်မောင်းနှင်စနစ်များ ဖြစ်သည်။ 

လက်ရှိတွင် JCC မူဘောင်အောက်၌ ပူးတွဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်များနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တစ်ခုကို တည်ထောင်ထားပြီးဖြစ်သည့်အပြင် AI အခြေပြု ဆိုက်ဘာခြိမ်းခြောက်မှုရှာဖွေရေးစနစ်များနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးဒရုန်းများကိုလည်း စတင်လက်တွေ့ အသုံးချနေပြီ ဖြစ်သည်။ 

ထို့အပြင် ကာကွယ်ရေးနည်းပညာတွင် ရေရှည်ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေးအတွက် ပြည်တွင်းကာကွယ်ရေးစက်မှုကဏ္ဍ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ မဟီဒေါတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ်ကဲ့သို့သော ထိပ်တန်းတက္ကသိုလ်များနှင့်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး