ဂြိုဟ်တုသစ်တစ်စင်းက ကမ္ဘာပတ်လမ်းကြောင်းပေါ်၌ အအေးခံလောင်စာရည်များ သိုလှောင်ထိန်းသိမ်းမှုနှင့် လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်

News Image

  • ဂြိုဟ်တုသစ်တစ်စင်းက ကမ္ဘာပတ်လမ်းကြောင်းပေါ်၌ အအေးခံလောင်စာရည်များ သိုလှောင် ထိန်းသိမ်းမှုနှင့် လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်

ဝါရှင်တန် မေ ၂၁

အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)၏ ဂြိုဟ်တုသစ်တစ်စင်းသည် ကမ္ဘာပတ်လမ်းကြောင်းပေါ်၌ အအေးခံလောင်စာရည်များသိုလှောင်ထိန်းသိမ်းမှုနှင့် လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်ဖြစ်ကြောင်း မေ ၂၀ ရက်သတင်းများအရ သိရသည်။

LOXSAT အမည်ရှိ အဆိုပါ ဂြိုဟ်တုကို ယခုနှစ်ကုန်ပိုင်းတွင် Rocket Lab ကုမ္ပဏီ၏ အီလက်ထရွန်ဒုံးပျံဖြင့် လွှတ်တင်ရန် နာဆာအဖွဲ့က စီစဉ်ထားသည်။ 

လွှတ်တင်ပြီးချိန်တွင် LOXSAT ဂြိုဟ်တုသည် ကမ္ဘာပတ်လမ်းပေါ်၌ အအေးခံလောင်စာရည် သိုလှောင်ထိန်းသိမ်းမှုနည်းပညာ၊ အခြားအာကာသယာဉ်များသို့ လောင်စာရည်လွှဲပြောင်းပေးမှုနည်းပညာများကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။

လကမ္ဘာနှင့် အင်္ဂါဂြိုဟ် အာကာသမစ်ရှင်များကို အထောက်အကူပေးနိုင်ရေးအတွက် အထက်ပါ နည်းပညာများကို LOXSAT ဂြိုဟ်တုဖြင့် စမ်းသပ်ရန် နာဆာအဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။

LOXSAT ဂြိုဟ်တုမစ်ရှင်သည် ကိုးလထိ ကြာမြင့်မည်ဖြစ်ပြီး အအေးခံလောင်စာရည်ထိန်းသိမ်းမှုပုံစံ ကိုးမျိုးကို စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။

စမ်းသပ်မှုအောင်မြင်ခဲ့ပါက LOXSAT ကဲ့သို့ ဂြိုဟ်တုများသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အာကာသလောင်စာရည်ဖြည့်ဆည်းရေးစခန်းများ ဖြစ်လာနိုင်ကြောင်း နာဆာတာဝန်ရှိသူများက သုံးသပ်ထားသည်။

ရတနာပုံ