ဓာတ်ခွဲခန်းအတွင်းဖန်တီးထားသည့် ကြက်ဥအိမ်တုများဖြင့် ကြက်သားပေါက်များကို သိပ္ပံပညာရှင်များက အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့
ဝါရှင်တန် မေ ၂၁
အမေရိကန်နိုင်ငံ အခြေစိုက် Colossal Biosciences ကုမ္ပဏီမှ သိပ္ပံပညာရှင်များသည် ဓာတ်ခွဲခန်းအတွင်း အပြည့်အဝဖန်တီးထားသည့် ကြက်ဥအိမ်တုများဖြင့် ကြက်သားပေါက်များကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း မေ ၂၀ ရက် သတင်းများအရ သိရသည်။
Colossal Biosciences ကုမ္ပဏီမှ သိပ္ပံပညာရှင်များသည် သဘာဝကြက်ဥများနှင့် တူနိုင်သမျှတူစေရန် ဖန်တီးထားသော ဥအိမ်တစ်မျိုးဖြင့် ကြက်သားပေါက်များကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥအိမ်တုကို ဖန်တီးခဲ့ပြီးနောက် အမေရိကန်သိပ္ပံပညာရှင်များသည် အဆိုပါဥအိမ်တု အတွင်းသို့ ကြက်သန္ဓေသားများ ထည့်သွင်းပေးခဲ့ရာ ၁၈ ရက်အကြာတွင် ကြက်သားပေါက်ငယ်များကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့သည်။
အထက်ပါ အောင်မြင်မှုသည် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော သက်ရှိများကို ပြန်လည်မွေးထုတ်နိုင်ရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားသည်။
Colossal Biosciences ကုမ္ပဏီသည် မိုအာခေါ် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သော ငှက်ကြီးတစ်မျိုးကို ပြန်လည်မွေးထုတ်ရန် စီစဉ်ထားသည်။
ထို့ပြင် Colossal Biosciences ကုမ္ပဏီသည် ရှေးခေတ် အမွေးထူဆင်ကြီးများကို ပြန် လည်မွေးထုတ်ရန်လည်း ကြိုးပမ်းနေကြောင်း သိရသည်။
ရတနာပုံ
Photo: Fox News
