နေတိုးအဖွဲ့က အာတိတ်ဒေသ၌ စစ်ရေးအင်အား တိုးမြှင့်ချထားမှုများ လုပ်ဆောင်နေ

News Image

  • နေတိုးအဖွဲ့က အာတိတ်ဒေသ၌ စစ်ရေးအင်အား တိုးမြှင့်ချထားမှုများ လုပ်ဆောင်နေ

အမေရိကန်ဦးဆောင်သော နေတိုးစစ်ဘက်အုပ်စုသည် ဂရင်းလန်းကျွန်းအနီး အာတိတ်ဒေသတွင် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ရန်စီစဉ်နေကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာခဲ့သည်။

အဆိုပါ လှုပ်ရှားမှုသည် ဒိန်းမတ်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရန်ကြိုးပမ်းနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်အပေါ် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဂရင်းလန်းကျွန်းသည် ရုရှားနှင့်တရုတ်တို့၏ ခြိမ်းခြောက်မှုအောက်တွင်ရှိနေကြောင်း ထရမ့်က အခိုင်အမာ ပြောကြားထားသည်။

ရုရှားနိုင်ငံဘက်ကမူ ၎င်းတို့အနေဖြင့် ဂရင်းလန်းနှင့်ပတ်သက်သည့် ပဋိပက္ခတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောဆိုသော်လည်း အာတိတ်ဒေသတစ်ခုလုံးတွင်မူ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။"Arctic Sentry" (အာတိတ် ကင်းစောင့်တပ်) ဟု အမည်ပေးထားသည့် နေတိုးအဖွဲ့၏ စစ်ရေးလှုပ်ရှားမှု တိုးမြှင့်ရန်စီစဉ်နေမှုများ လက်ရှိဆောင်ရွက်လျက်ရှိကြောင်း နေတိုးစစ်ဌာနချုပ် (ဥရောပ) ၏ ပြောရေးဆိုခွင့်ရှိသူ Martin O’Donnell က အင်္ဂါနေ့ (ဖေဖော်ဝါရီ ၃) တွင် ပြောကြားခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုသည် အာတိတ်ဒေသနှင့် မြောက်ဘက်အစွန်ဆုံးဒေသ (High North) တို့တွင် နေတိုး၏ စစ်ရေးအင်အားကို ပိုမိုခိုင်မာစေမည်ဟု ၎င်းက ဆိုသည်။

မော်စကိုနှင့် ပေကျင်းတို့သည် ၎င်းတို့အပေါ် စွပ်စွဲချက်များကို ပယ်ချခဲ့ကြသည်။ အမေရိကန်သည် အာတိတ်ဒေသတွင် စစ်အင်အားတိုးချဲ့ရန်အတွက် အကြောင်းပြချက်အဖြစ် ယခုစွပ်စွဲချက်များကို အသုံးချနေခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံက တုံ့ပြန်ခဲ့သည်။

ဥရောပသမဂ္ဂ (EU) တာဝန်ရှိသူများကလည်း ထရမ့်၏ ပြောကြားချက်ကို ငြင်းပယ်ခဲ့ကြသည်။ ပြီးခဲ့သည့်သီတင်းပတ်က EU သယ်ယူ ပို့ဆောင်ရေးကော်မရှင်နာ Apostolos Tzitzikostas က ပြင်ပရန်သူများသည် ဂရင်းလန်းကျွန်းကို ပစ်မှတ်ထားနေသည်ဆိုသည့် အထောက်အထားတစ်စုံတစ်ရာမရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

ရုရှားနိုင်ငံသည် ကမ္ဘာ့အာတိတ်ကမ်းရိုးတန်းစုစုပေါင်း၏ ထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားသဖြင့် အဆိုပါဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လုပ်ကိုင်နိုင်စွမ်းရှိပြီးဖြစ်သည်။ ထို့အပြင် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် မြောက်ဘက်ပင်လယ်ရေကြောင်း လမ်းကြောင်းကို ထိန်းသိမ်းရန်အတွက် ကမ္ဘာ့အကြီးဆုံး ရေခဲခွဲသင်္ဘောအုပ်စုကိုလည်း ပိုင်ဆိုင်ထားသည်။

သို့သော်လည်း အနောက်နိုင်ငံ အစိုးရများသည် ယခုအခါ "ရုရှား အာတိတ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်သည့် တရားမဝင် ပိတ်ဆို့အရေးယူမှုများ" အပေါ် ပိုမိုအားကိုးလာပြီး ၎င်းတို့၏ အကျိုးစီးပွားအတွက် လက်နက်ကိုင် အင်အားသုံးရန် ပိုမိုလိုလားလာကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ Vladislav Maslennikov က ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂