ရေနံနှင့်စွမ်းအင်ကဏ္ဍတွင် အဓိကအရေးပါသည့် ဆော်ဒီ၏ဂျူဘေးရေနံဓာတု အဆောက်အအုံကို အီရန်တိုက်ခိုက်

News Image

  • ရေနံနှင့်စွမ်းအင်ကဏ္ဍတွင် အဓိကအရေးပါသည့် ဆော်ဒီ၏ဂျူဘေးရေနံဓာတု အဆောက်အအုံကို အီရန်တိုက်ခိုက်

     ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံနှင့်စွမ်းအင်ကဏ္ဍတွင် အဓိကအရေးပါသည့် ဂျူဘေးရေနံဓာတု အဆောက်အအုံကို  အီရန်က တိုက်ခိုက်ခဲ့ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဧပြီလ ၇ ရက်တွင် ကြေညာသည်။

အဆိုပါအဆောက်အအုံသည် ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော  ဖက်စပ်လုပ်ငန်းများ တည်ရှိရာမြို့တစ်ခုဖြစ်သည်။

အဆိုပါ ဂျူဘေးစက်မှုမြို့တော်တွင် ဆော်ဒီအစိုးရပိုင် ဆော်ဒီအာရမ်ကို ရေနံကုမ္ပဏီ၊ ၎င်း၏ရေနံဓာတု လုပ်ငန်းခွဲတစ်ခုဖြစ်သည့် SABIC နှင့် အနောက်နိုင်ငံများမှ စွမ်းအင်ကုမ္ပဏီကြီးများအကြား ပူးပေါင်းဆောင်ရွက်သည့် ဖက်စပ်လုပ်ငန်းကြီးများလည်း တည်ရှိကြောင်းသိရသည်။

ယခုလုပ်ဆောင်သည့် တိုက်ခိုက်မှုများသည် အီရန်နိုင်ငံရှိ ရေနံဓာတုစက်ရုံများအပေါ် တိုက်ခိုက်မှုများအတွက် တုံ့ပြန်ခြင်း ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောကြားထားသည်။ 

အီရန်က တိုက်ခိုက်ခဲ့သည့်ပစ်မှတ်များတွင် ပြီးခဲ့သည့်အပတ်က ပိတ်သိမ်းခဲ့ရသည့် Sadara ဓာတုပစ္စည်းကုမ္ပဏီအဆောက်အအုံအပါအဝင် ExxonMobil ကုမ္ပဏီပိုင် အဆောက်အအုံများလည်း ပါဝင်ကြောင်းသိရသည်။

နိုင်ငံ၏အရှေ့ပိုင်းဒေသသို့ဦးတည်ပစ်ခတ်လာသည့် ပဲ့ထိန်းဒုံးကျည်ခုနစ်စင်းကို ဆော်ဒီလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်ဖျက်ဆီးခဲ့သော်လည်း ကြားဖြတ်ဟန့်တားလိုက်သည့် ဒုံးကျည်အပိုင်းအစများသည်   အဆိုပါဒေသရှိ စွမ်းအင်အဆောက်အအုံများ အနီးသို့ ကျရောက်ခဲ့ကြောင်း ဆော်ဒီကာကွယ်ရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ထားကြောင်း သိရသည်။ 
MWD