တူကီယဲရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီး ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း သေနတ်သမားသုံးဦး သေဆုံးပြီး ရဲအရာရှိနှစ်ဦး ဒဏ်ရာရ

News Image

  • တူကီယဲရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီး ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း သေနတ်သမားသုံးဦး သေဆုံးပြီး ရဲအရာရှိနှစ်ဦး ဒဏ်ရာရ

      တူကီယဲနိုင်ငံ    အစ္စတန်ဘူလ်မြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီးတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း သေနတ်သမားသုံးဦးသေဆုံးပြီး ရဲအရာရှိနှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုသည် ဘက်ဆီတက်ခရိုင်ရှိ ကောင်စစ်ဝန်ရုံးအနီးတွင်   ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိထားသည့် သေနတ်သမားနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် သေနတ်သမားများသည် နောက်ပိုင်းတွင် ဒဏ်ရာကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း တူကီယဲသတင်းဌာနတစ်ခုဖြစ်သည့်     NTV ကထုတ်ပြန်သည်။

အဆိုပါသေနတ်သမားများသည် အခင်းဖြစ်ပွားရာနေရာ၌ လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း ရဲအရာရှိများဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သေနတ်သမားများအနက် တစ်ဦးမှာ ဘာသာရေးကိုအသုံးချသည့် အဖွဲ့အစည်းတစ်ခုနှင့် ဆက်နွှယ်မှုရှိကြောင်း တွေ့ရှိရပြီး အခြားတစ်ဦးတွင်   မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် နောက်ကြောင်းရာဇဝင်ရှိကြောင်း     အာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အစ္စတန်ဘူလ်မြို့ရှိ    ကောင်စစ်ဝန်ရုံးအပါအဝင် တူကီယဲနိုင်ငံအတွင်း၌ အစ္စရေးသံအမှုထမ်းများရှိမနေခဲ့ကြောင်း    အန်ကာရာမြို့ရှိ အစ္စရေးသံရုံးက ထုတ်ပြန်သည်။ 

အစ္စရေးတပ်မတော်က ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများပြန်လည်စတင်ချိန်မှစ၍ အစ္စတန်ဘူလ်ရှိ အဆိုပါကောင်စစ်ဝန်ရုံး တည်ရှိရာနေရာသည် ဆန္ဒပြမှုများ၏ ဗဟိုချက်ဖြစ်လာခြင်းကြောင့် တူကီယဲရဲတပ်ဖွဲ့က လုံခြုံရေးကို တင်းကျပ်စွာ ချထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

MWD