ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံခဲ့ရသော ထိုင်းကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသားသုံးဦး သေဆုံးကြောင်း အတည်ပြု

News Image

  • ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံခဲ့ရသော ထိုင်းကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသားသုံးဦး သေဆုံးကြောင်း အတည်ပြု

ဘန်ကောက်   ဧပြီ   ၈

လွန်ခဲ့သည့်လက ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံခဲ့ရသော ထိုင်းအလံတင် ကုန်တင်သင်္ဘောပေါ်မှ သင်္ဘောသားသုံးဦး သေဆုံးခဲ့ကြောင်း   ထိုင်းနိုင်ငံခြားရေးဝန်ကြီး  ဆီဟာဆက်   ဖုန်ကတ်ကရောင်းက  ဧပြီ  ၈ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်းကုန်တင်သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားတွင် မတ် ၁၁ ရက်က ခုတ်မောင်းသွားနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ တိုက်ခိုက်ခံရပြီးနောက် သင်္ဘောသား  ၂၀ ကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်သုံးဦး ပျောက်ဆုံးခဲ့သည်။ ကယ်တင်ခံရသူအားလုံး မတ်လလယ်ခန့်တွင်  ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ပျောက်ဆုံးနေသော သင်္ဘောသားသုံးဦး သေဆုံးသွားပြီဖြစ်ကြောင်း မကြာသေးမီက  နိုင်ငံခြားရေးဝန်ကြီးဌာနထံ အကြောင်းကြားခဲ့သည်ဟု ဆီဟာဆက်က ဧပြီ ၈ ရက်တွင် ပြောကြားခဲ့ပြီး သေဆုံးသူများ၏   မိသားစုများအတွက် အထူးဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ  ထိုင်းကုန်တင်သင်္ဘောတစ်စင်းသာ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ အရေးကြီးသော ဓာတ်မြေသြဇာများတင်ဆောင်လာသည့် သင်္ဘောတစ်စင်းအပါအဝင် ကျန်သင်္ဘောကိုးစင်းသည် သက်ဆိုင်ရာ အာဏာပိုင်များ၏  ခွင့်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။

ဆီဟာဆက်သည် ဧပြီ ၁၅ ရက်မှ ၁၆ ရက်အထိ အိုမန်သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ကျန်ရှိသည့် ထိုင်းရေယာဉ်များကို ဟော်မုဇ် ရေလက်ကြားမှ  ဖြတ်သန်းသွားလာခွင့်ပြုရန် အီရန်နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက်  ထိုင်းနိုင်ငံသည်  အိုမန်နိုင်ငံ၏  အကူအညီကို  ရယူသွားမည်ဖြစ်သည်။         

ဆင်ဟွာ

MDN