ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်၊၊
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးများ၊ ဆုရရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ခရိုင်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူးများက အွန်လိုင်းမှ တက်ရောက်ကြသည်၊၊
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ချက်များကို ဖော်ညွှန်းပြသထားသည့် “တူညီအိပ်မက် လက်ချင်းယှက် အောင်ပွဲဆက်မည် IPRD” Video Clip ကို ပြသသည်၊၊
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မိမိတို့ဝန်ကြီးဌာန၏ အရေးပါသည့် ဌာနကြီးတစ်ခုအနေဖြင့် ခိုင်ခိုင်မာမာရပ်တည်လျှောက်လှမ်းခဲ့သည်မှာ (၃၅) နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ယခုကဲ့သို့ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ခြင်းမှာ ဦးဆောင်သူများနှင့် တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ တက်ညီလက်ညီဖြင့် စည်းလုံးညီညွတ်မှုကြောင့်ဖြစ်ပါကြောင်း။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း ၄၃၅ ရုံးဖြင့် ကြီးမားသည့်ကွန်ရက်ကြီးတစ်ခုသဖွယ် ဖွဲ့စည်းဆောင်ရွက်နေသည့် ဌာနကြီး တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်သုံးရပ်ကို ခေတ်မီသစ်လွင်သည့် အစီအစဉ်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ၂၀၂၅ ခုနှစ်အတွင်း ကြုံတွေ့လာရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး ထူးခြားသည့် စွမ်းဆောင်နိုင်မှုများ ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှုများထဲမှ ဂုဏ်ယူစရာအကောင်းဆုံးမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် အရေးပါသည့်အခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းဖြစ်ပါကြောင်း။
နောင်အနာဂတ်တွင် ကြုံတွေ့လာရမည့် အခက်အခဲများကိုလည်း စိန်ခေါ်မှုအဖြစ် ရင်ဆိုင်ကျော်လွှားပြီး ဝန်ကြီးဌာနနှင့် မိမိတို့ဦးစီးဌာနကို ပြည်သူများ၏ ယုံကြည်မှု၊ အားကိုးမှု၊ အသိအမှတ်ပြုမှုများ ရရှိအောင် ဝန်ထမ်းအားလုံးက စည်းစည်းလုံးလုံးဖြင့် ဆက်လက်ကြိုးစားထမ်းဆောင်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်၊၊
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က ခရိုင်အဆင့် လုပ်ငန်းစွမ်းဆောင်ရည်ဆု ပထမဆုရရှိသည့် တောင်ကြီးခရိုင်ရုံး၊ ဒုတိယဆုရရှိသည့် ကျောက်ဆည်ခရိုင်ရုံးနှင့် တတိယဆုရရှိသည့် ရန်ကုန်အနောက်ပိုင်းခရိုင်ရုံး၊ မြဝတီမြို့တွင် Online လိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များ၊ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်အပ်နှံရေးလုပ်ငန်းစဉ်များတွင် အချိန်မီသတင်းထုတ်ပြန်ရေးလုပ်ငန်းများကို မဆုတ်မနစ်တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် တာဝန်ကျေပွန်ဆုနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဌာနလုပ်ငန်းများ ထိခိုက်ပျက်စီးခဲ့ချိန်တွင် ဌာနလုပ်ငန်းများ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ နေထိုင်ရေးလုပ်ငန်းများအား စေတနာပြည့်ဝစွာ အပင်ပန်းခံ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုဆုတို့ကို ပေးအပ်ချီးမြှင့်သည်၊၊
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အဆင့်အခမ်းအနားများတွင် ဝန်ကြီးဌာန၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်ပြီး ဌာန၏ လုပ်ငန်းများ ပိုမိုပေါ်လွင်အောင် ထူးခြားဆန်းသစ်တီထွင်ဆောင်ရွက်နိုင်မှုဆု၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသိပညာပေးလှုပ်ရှားမှု အကောင်းဆုံးဆောင်ရွက်နိုင်မှုဆုရရှိကြသည့် မကွေးတိုင်းဒေသကြီးရုံး၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ ရှမ်းပြည်နယ်ရုံး၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ မန္တလေးတိုင်းဒေသကြီးရုံးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်ဆုရရှိသည့် မကွေးတိုင်းဒေသကြီးရုံးတို့ကို ဆုများ ပေးအပ်ချီးမြှင့်သည်၊၊
ယင်းနောက် ဆုရရှိသူများကိုယ်စား မကွေးတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
moi

,
,