နှင်းမုန်တိုင်းကြောင့် အမေရိကန်အရှေ့မြောက်ပိုင်းတွင် လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းရ

News Image

  • နှင်းမုန်တိုင်းကြောင့် အမေရိကန်အရှေ့မြောက်ပိုင်းတွင် လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် အရှေ့မြောက်ပိုင်းဒေသများ၌ ဖေဖော်ဝါရီ လ ၂၃ ရက်တွင် ပြင်းထန်သောနှင်းမုန်တိုင်းကျရောက်မှုကြောင့် လေကြောင်းခရီးစဉ် ထောင်ပေါင်းများစွာကို ဖျက်သိမ်းလိုက်ရပြီး နှင်းထုသည် ၆၀ စင်တီမီတာအထိ ကျဆင်းနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များတွင်သတိပေးထားသည်။ လေကြောင်းခရီးစဉ် စောင့်ကြည့်ရေးဝက်ဆိုက် FlightAware ၏ဖော်ပြချက်အရ ဖေဖော်ဝါရီလ ၂၃ ရက်တွင်ခရီးစဉ်ပေါင်း ၅၀၀၀ ကျော် ဖျက်သိမ်းထားရသည်ကိုတွေ့ရသည်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူးသည်   ပြင်းထန်သောနှင်းကျဆင်းမှုနှင့်   ကမ်းရိုးတန်းလေပြင်းများတိုက်ခတ်မှုဒဏ်ကို  အဆိုးရွားဆုံးခံစားရနိုင်သည့် လောင်းအိုင်လန်၊ နယူးယောက်စီးတီးနှင့် လိုဝါဟတ်ဆန်တောင်ကြားဒေသများတွင် ကူညီရန်  အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၁၀၀ ကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် တာဝန်ပေးစေလွှတ်လိုက်သည်။

ဝါရှင်တန်မှ နယူးအင်္ဂလန်အထိ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက် သွားလာရေးများ ပြတ်တောက်နေသဖြင့် ပြည်သူများ လမ်းပေါ်မထွက်ကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။ အမျိုးသားမိုးလေဝသဌာနကလည်း မေရီလန်းမှ နယူးအင်္ဂလန် အရှေ့တောင်ပိုင်းအထိဒေသများတွင် နှင်းမုန်တိုင်း အခြေအနေများကြောင့် ခရီးသွားလာရန် အလွန်အန္တရာယ်များကြောင်း ခန့်မှန်းထားသည်။

MWD