၂၀၂၅ ခုနှစ်အတွင်း ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀၀ ကျော်ကို ဖြတ်တောက်ခဲ့ပြီးနောက် Medicaid ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို ကာကွယ်စောင့်ရှောက်မည်ဟု Trump က ကတိပြု
ထရမ့်က Medicaid ကို အမြဲတစေ ကာကွယ်စောင့်ရှောက်သွားမည်ဟု ၎င်း၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကတိပြုခဲ့သော်လည်း ပြီးခဲ့သည့် နှစ်က ၎င်းအတည်ပြုခဲ့သော ကျယ်ပြန့်သည့် ပြည်တွင်းမူဝါဒ အစုအဝေးတွင် ဝင်ငွေနည်းပါးသည့် အမေရိကန်နိုင်ငံသားများအတွက် အဓိကကျသော လူမှုဖူလုံရေးကွန်ရက် အစီအစဉ်အပေါ် သမိုင်းဝင် ရန်ပုံငွေ ဖြတ်တောက်မှုများ ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် နွေရာသီက ထရမ့် လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် အတည်ပြုခဲ့သော "One Big Beautiful Bill Act" အရ လာမည့် ၁၀ နှစ်တာကာလအတွင်း Medicaid အတွက် ဖက်ဒရယ်အစိုးရ၏ ထောက်ပံ့ငွေ ဒေါ်လာ ဘီလီယံ ၉၀၀ ကျော်ကို ဖြတ်တောက်ခဲ့ကြောင်း လွှတ်တော်ဘတ်ဂျက်ရုံး (CBO) က ဆိုသည်။ အဆိုပါ ဥပဒေကြမ်းပါ Medicaid ဆိုင်ရာ ပြဋ္ဌာန်းချက်များကြောင့် ၂၀၃၄ ခုနှစ်တွင် ကျန်းမာရေးအာမခံမဲ့သည့် အမေရိကန်နိုင်ငံသား အရေအတွက် ၇.၅ သန်းအထိ တိုးလာနိုင်ဖွယ် ရှိသည်။
အထိရောက်ဆုံးသော ပြဋ္ဌာန်းချက်များထဲတွင် အသက် ၁၉ နှစ်မှ ၆၄ နှစ် အတွင်းရှိ ကျန်းမာသန်စွမ်းသော Medicaid အကျိုးခံစားခွင့်ရှိသူများကို တစ်လလျှင် အနည်းဆုံး နာရီ ၈၀ ကြာ အလုပ်လုပ်ရန်၊ စေတနာ့ဝန်ထမ်းလုပ်ရန်၊ ကျောင်းတက်ရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်ရန် သတ်မှတ်ချက်များ ပါဝင်သည်။ ထိုသို့သော ပထမဆုံးအကြိမ် သတ်မှတ်ချက်သည် အသက် ၁၄ နှစ်နှင့်အထက် ကလေးရှိသော မိဘများနှင့်လည်း သက်ဆိုင်မည်ဖြစ်သည်။
ထို့အပြင် Affordable Care Act ၏ Medicaid တိုးချဲ့မှု အစီအစဉ်မှတစ်ဆင့် စာရင်းသွင်းထားသော ဝင်ငွေနည်းလူကြီးများသည် ၎င်းတို့၏ အရည်အချင်းစစ်ဆေးမှုကို ယခင်ကထက် ပိုမိုအကြိမ်ရေများစွာ ခံယူရမည်ဖြစ်ပြီး သတ်မှတ်ထားသော ကုသမှုအချို့အတွက် ၃၅ ဒေါ်လာအထိ ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် အကျိုးခံစားခွင့်ရှိသူ အများအပြားသည် စာရွက်စာတမ်းဆိုင်ရာကိစ္စရပ်များနှင့် စစ်ဆေးအတည်ပြုမှုများကို ပိုမိုရင်ဆိုင်ရမည်ဖြစ်ရာ အချို့သူများအတွက် အကျိုးခံစားခွင့် လျှောက်ထားရန် နှင့် ဆက်လက်ရယူရန် ခက်ခဲစေနိုင်သည်။
ပြည်နယ်အစိုးရများအနေဖြင့် အဆိုပါအစီအစဉ်အတွက် ဖက်ဒရယ် ထောက်ပံ့ငွေလျော့နည်းစွာရရှိမည်ဖြစ်သောကြောင့် Medicaid အကျိုးခံစားခွင့်ရှိသူများသည် အခြားသော အပြောင်းအလဲများကိုလည်း ကြုံတွေ့ ရနိုင်သည်။ ယင်းအခြေအနေကြောင့် ပြည်နယ်အချို့မှာ အကျိုးခံစားခွင့်အချို့ကို ပယ်ဖျက်ခြင်း သို့မဟုတ် အကျိုးခံစားခွင့်ရသူ စာရင်းသွင်းမှုကို တင်းကျပ်ခြင်းစသည့် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် ဖိအားပေးခံရနိုင်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,