တရုတ်ခရီးသွားများ နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံ၌ နေထိုင်မှုသက်တမ်း တိုးမြှင့်
ဂျပန်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်များ အနှောင့်အယှက် ဖြစ်ခဲ့ ပြီးနောက် ယခုနှစ် တရုတ်နှစ်သစ်ကူးအားလပ်ရက်တွင် တရုတ်ခရီးသွား အများအပြားသည် ဖူးခက် (Phuket) ၌ ပိုမိုကြာရှည်စွာနေထိုင်ရန် ရွေးချယ်လာကြကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) ဖူးခက်ရုံးခွဲ၏ ဒုတိယ ညွှန်ကြားရေးမှူး Raweewan Sangcha က လက်ရှိတွင် ကျွန်း၏ ခရီးသွားဈေးကွက်ကို ခရီးဝေးသွားလာသူများ (Long-haul travellers) က အဓိက မောင်းနှင်နေခြင်းဖြစ်ကြောင်း ပြောသည်။ တရုတ်နှင့် ဂျပန်နိုင်ငံကြား တင်းမာမှုများကြောင့် ခရီးတိုသွားလာမှုများထိခိုက်ခဲ့ပြီး ဂျပန်နိုင်ငံသို့ ပျံသန်းသည့် လေကြောင်းလိုင်းများလည်း လျော့နည်းသွားခဲ့သည်။
ထိုအကျိုးဆက်ကြောင့် ဂျပန်နိုင်ငံသို့သွားရောက်ရန် စီစဉ်ထား သော်လည်း မသွားရောက်နိုင်ခဲ့သည့် တရုတ်ခရီးသွားအချို့သည် အနီးနားရှိ အခြားခရီးစဉ်များကို ရှာဖွေခဲ့ကြရာ ထိုင်းနိုင်ငံသည် အဓိကရွေးချယ်စရာ ဖြစ်လာခဲ့သည်။ ယခုနှစ် တရုတ်နှစ်သစ်ကူး အားလပ်ရက်သည် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အထိ ဖြစ်သောကြောင့် ပုံမှန်ထက်ပိုမို ကြာမြင့်ခဲ့ကြောင်း Raweewan က ပြောကြားခဲ့သည်။ အဆိုပါကာလအတွင်း တရုတ် ခရီးသွားများဝင်ရောက်လာခြင်းက ကျွန်း၏ ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုအားကောင်းစေခဲ့ပြီး ကောင်းမွန်သောအလားအလာများ ဆက်လက် ပြသနေသည်။
ဖူးခက်ရှိ တရုတ်နှစ်သစ်ကူးကာလ ဝင်ငွေမှာ ဘတ်သန်း ၆၀၀ ခန့် ရှိမည် ဟု ခန့်မှန်းထားပြီး သုံးစွဲမှုအများစုမှာ ထိုင်းခရီးသွားများထံမှ ဖြစ်သော်လည်း နိုင်ငံခြားသား ဧည့်သည်များ၏ ဝယ်လိုအားမှာလည်း ဆက်လက် မြင့်မားနေဆဲဖြစ်သည်။
ယခုနှစ်အတွင်း ဖူးခက်တွင် ကျင်းပမည့် အဓိကပွဲကြီး ၇ ခုကြောင့်လည်း အကျိုးကျေးဇူးများရရှိနေကြောင်း သူမက ဆိုသည်။ ၎င်းတို့တွင် Global Sustainable Tourism Council ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ ညီလာခံများ၊ Enterpride လှုပ်ရှားမှုများနှင့် Electric Daisy Carnival ဂီတပွဲတော်တို့ ပါဝင်သည်။
ခရီးတိုသွားလာမှုများအတွက်လည်း လေကြောင်းလိုင်းအသစ်များ တိုးချဲ့မှုက အထောက်အပံ့ဖြစ်စေခဲ့သည်။ ဥပမာအားဖြင့် Thai Lion Air မှ တစ်ပတ်လျှင် လေးကြိမ် ပျံသန်းမည့် စင်ကာပူ–ဖူးခက် ခရီးစဉ်အသစ်သည် ဖူးခက်၏ ထိပ်တန်းနိုင်ငံတကာ ခရီးစဉ်တစ်ခုအဖြစ်ရပ်တည်မှုကို ပိုမိုခိုင်မာစေသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,