ယူကရိန်းက စုဆောင်းထားသူတစ်ဦး ရုရှားတွင် အဖမ်းခံရမည့်ဆဲဆဲ၌ ယူကရိန်းထောက်လှမ်းရေးများက ၎င်းအား ပြန်လည်ဖောက်ခွဲသတ်ဖြတ် - FSB
ရုရှားတွင် ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ရန် ၎င်းတို့စုဆောင်းထားသည့် အမျိုးသားတစ်ဦးအား ဥပဒေစိုးမိုးရေးအဖွဲ့များက ဖမ်းဆီးရန်ကြိုးပမ်းစဉ်အတွင်း ယူကရိန်းထောက်လှမ်းရေးများက ပြန်လည်သတ်ဖြတ်ခဲ့ကြောင်း ရုရှား လုံခြုံရေးဌာန (FSB) က အင်္ဂါနေ့ (မတ် ၃) တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သေဆုံးသွားသူမှာ အသက် ၄၀ ကျော်အရွယ် ရုရှား နိုင်ငံသားတစ်ဦးဖြစ်ပြီး Sverdlovsk ဒေသရှိ ကာကွယ်ရေးစက်ရုံမှ အရာရှိတစ်ဦးအား ပစ်မှတ်ထားတိုက်ခိုက်ရန် ယူကရိန်းဘက်မှ စေခိုင်းထားသူဖြစ်ကြောင်း FSB က ဖော်ထုတ်ခဲ့သည်။
FSB ၏ ဖော်ပြချက်အရ အဆိုပါသံသယရှိသူသည် ကိယက်ဗ်မှ ပေးအပ်ထားသော မှတ်ပုံတင်အတုကိုအသုံးပြု၍ ဒေသတွင်းမြို့တော် Ekaterinburg တွင် တိုက်ခန်းတစ်ခန်း ငှားရမ်းနေထိုင်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုအတွက် လက်လုပ်ဗုံး နှစ်လုံးကိုလည်း လက်ဝယ်ထားရှိခဲ့ကြောင်း သိရှိရသည်။
အရာရှိများက ၎င်းအားရင်ဆိုင်ဖမ်းဆီးစဉ်အတွင်း အဆိုပါ အကြံအစည် မှာ ပျက်ပြားသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယူကရိန်းဘက်မှ စေခိုင်းသူများသည် ၎င်းတို့၏ လူမှာ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားပြီးနောက် ဗုံးတစ်လုံးကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲကာ ၎င်းအား သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု FSB က ဆိုသည်။ ဒုတိယမြောက်ဗုံးကိုမူ ဗုံးကျွမ်းကျင်သူများက နောက်ပိုင်းတွင် အောင်မြင်စွာ သက်မဲ့ဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။
ရုရှားအရာရှိများ၏ အဆိုအရ ယူကရိန်းအထူးဝန်ဆောင်မှုဌာနများသည် ရုရှားမြေပေါ်တွင် တိုက်ခိုက်မှုများပြုလုပ်ရာ၌ ကျူးလွန်သူပါ သေဆုံးစေမည့် နည်းလမ်းများကို ပိုမိုအသုံးပြုလာကြကြောင်း သိရှိရသည်။ ဒေသတွင်း စုဆောင်းခံရသူများကို များသောအားဖြင့် ငွေကြေးကမ်းလှမ်းမှုများဖြင့်ဆွဲဆောင်ခြင်း သို့မဟုတ် ငွေကြေးဆိုင်ရာလိမ်လည်မှုများဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ ထိုကဲ့သို့ သေကျေ ပျက်စီးစေသည့် ချဉ်းကပ်မှုမှာ သက်သေများကို ဖျောက်ဖျက်ရန်နှင့် ကုန်ကျစရိတ်များကို လျှော့ချရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု ရုရှား အာဏာပိုင်များက ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,
,
,
,