အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများ ဖြစ်ပွားနေစဉ်အတွင်း ရော်နယ်ဒို၏ လေယာဉ် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာသွား
အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများမြင့်တက်လာပြီး အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများပြုလုပ်နေစဉ်အတွင်း ရော်နယ်ဒို ၏ ကိုယ်ပိုင်လေယာဉ်သည် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ ယနေ့ (မတ် ၃) နံနက်အစောပိုင်းတွင် ရီယာ့ဒ်မြို့ရှိ အမေရိကန် သံရုံးသည် ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခံရသဖြင့် အဆောက်အအုံ မီးလောင်ကျွမ်းမှုနှင့် ပျက်စီးမှုအနည်းငယ်ရှိခဲ့ကြောင်း ဆော်ဒီအာရေဗျ ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
Flightradar24 ၏ အချက်အလက်များအရ ရော်နယ်ဒို၏ Bombardier Global Express 6500 လေယာဉ်သည် ရီယာ့ဒ်မြို့ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မက်ဒရစ်မြို့သို့ ဗဟိုဥရောပစံတော်ချိန် နံနက် ၁:၃၂ နာရီ တွင် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်သည် အီဂျစ်နိုင်ငံနှင့် မြေထဲပင်လယ်ကို ဖြတ်ကျော်ကာ အနောက်ဘက်သို့ ပျံသန်းပြီးနောက် စပိန်နိုင်ငံသို့ ဆိုက်ရောက်ခဲ့သည်။ သို့သော် အသက် ၄၁ နှစ်အရွယ် စူပါစတား ရော်နယ်ဒိုနှင့် ၎င်း၏ မိသားစုဝင်များ ထိုလေယာဉ်ပေါ်တွင် ပါဝင်ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။
အဆိုပါ Bombardier Global Express 6500 လေယာဉ်သည် အတွင်းပိုင်းပြင်ဆင်မှုအပေါ် မူတည်၍ ကန်ဒေါ်လာ သန်း ၈၀ ခန့် တန်ကြေး ရှိပြီး ခရီးသည် ၁၇ ဦးအထိ လိုက်ပါနိုင်သည်။ ၎င်းတွင် ခေတ်မီ ထိုင်ခုံများ၊ ဇိမ်ခံဆိုဖာများ၊ သီးသန့်အခန်းများ၊ အလုပ်လုပ်ရန်နေရာနှင့် ထမင်းစားခန်းများ ပါဝင်သည်။ အဆိုပါလေယာဉ်ကို မဝယ်ယူမီက ရော်နယ်ဒိုသည် ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂၂ သန်းဖြင့် ဝယ်ယူခဲ့သော ၎င်း၏ Gulfstream G200 လေယာဉ်ဟောင်းကို ပြန်လည် ရောင်းချခဲ့သည်။
ဒေသတွင်းပဋိပက္ခများမှာ ပြင်းထန်နေဆဲဖြစ်ပြီး တင်းမာမှုများကြောင့် ဘောလုံးပွဲစဉ်များကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ခြင်းကြောင့် အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) က အနောက်အာရှဒေသတွင်းရှိ ကလပ်အသင်း ပြိုင်ပွဲအားလုံးကို ရွှေ့ဆိုင်းလိုက်ရာ မတ်လ ၄ ရက်နေ့တွင် ကစားရန် ရှိသည့် Al Nassr အသင်း၏ အဝေးကွင်းပွဲစဉ်လည်း ပါဝင်ခဲ့သည်။ ရော်နယ်ဒိုသည် ဖေဖော်ဝါရီ ၂၈ ရက်က Al Fahya ကို ၃-၁ ဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပါဝင်ကစားခဲ့သော်လည်း ဒဏ်ရာကြောင့် ပွဲမပြီးခင် လူစားလဲခဲ့ရသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
