ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း သာစည်မြို့နယ်နှင့် ကလောမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများနှင့် တောင်ကြီးမြို့ သူနာပြုသင်တန်းကျောင်း ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် တိုက်နယ်ကျန်းမာရေးဌာနသို့ ရောက်ရှိကာ လူနာဆောင်များ၊ ဆေးသိုလှောင်ခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုနှင့် ဆေးဝါးများ ထောက်ပံ့ပေးနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကလောမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောက်လုပ်မည့် ခွဲစိတ်ခန်းပါသုံးထပ်အဆောက်အအုံသစ် ဆောက်လုပ်မည့်နေရာကိုလည်းကောင်း၊ အောင်ပန်းတိုက်နယ်ဆေးရုံ၌ အရေးပေါ်လူနာဌာန၊ အတွင်းလူနာဆောင်များနှင့် ဓာတ်ခွဲခန်းတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးဝင်းရှိ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်မည့် သူနာပြုသင်တန်းကျောင်း၌ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး သူနာပြုသိပ္ပံအဆင့်မြှင့်တင်ခြင်းအတွက် ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skills Lab)၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ ထမင်းစားခန်း၊ သင်ကြားရေးခန်းမများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
moi
