စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းကို ကျောင်းသားထောင်ပေါင်းများစွာက ဘာလင်မြို့တွင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ
ဂျာမနီနိုင်ငံတွင် မကြာသေးမီကအတည်ပြု ပြဋ္ဌာန်းလိုက်သော စစ်မှုထမ်းဆိုင်ရာဥပဒေသစ်ကို ဆန့်ကျင်သည့်အနေဖြင့် ဘာလင်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် အထက်တန်းကျောင်းသား ထောင်ပေါင်းများစွာက ကြာသပတေးနေ့ (မတ် ၅) ၌ စုပေါင်း ဆန္ဒပြခဲ့ကြသည်။
အသစ်ပြဋ္ဌာန်းလိုက်သော စစ်မှုထမ်းဥပဒေအရ ယခုနှစ်မှစတင်ကာ အသက် ၁၈ နှစ်ပြည့်ပြီးသည့် ဂျာမန်လူငယ်အမျိုးသားတိုင်းသည် စစ်မှုထမ်းရန် အတွက် စာရင်းပေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းတို့ကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်ပြီး တပ်မတော်တွင် လူအင်အားလိုအပ် ပါက မဲနှိုက်ရွေးချယ်သည့်စနစ်ဖြင့် အတင်းအကျပ် တာဝန်ထမ်းဆောင်စေနိုင်သည့် အချက်ပါဝင်နေခြင်းက လူငယ်များ၏ စိုးရိမ်မှုကို မြင့်တက် စေခဲ့သည်။
ဘာလင်မြို့ရှိ Potsdamer Platz တွင် စုဝေးခဲ့ကြသည့် ကျောင်းသားများသည် "စစ်ပွဲကို ငါတို့မလိုချင်ဘူး"၊ "သေခြင်းတရားသည် သင်ရိုးညွှန်းတမ်းတွင် မပါဝင်ပါ" နှင့် "ချမ်းသာသူတို့က စစ်ကိုလိုလားပြီး လူငယ်တို့က အနာဂတ်ကို လိုလားသည်" စသည့် ကြွေးကြော်သံများ ပါဝင်သည့် ပိုစတာများကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲစီစဉ်သူများက အဆိုပါဥပဒေသည် စစ်မှုထမ်းစနစ်ကို ပြန်လည် ကျင့်သုံးရန် ပြင်ဆင်နေသည့်အဆင့်ဖြစ်ကြောင်းဝေဖန်ခဲ့ပြီး ဂျာမနီနိုင်ငံအနေဖြင့် လက်နက်တိုးမြှင့်ရေးထက် သံတမန်ရေးရာနှင့် ငြိမ်းချမ်းသော ဖြေရှင်းနည်းများကိုသာ ဦးစားပေးသင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည့် စစ်မှုထမ်းစနစ်ကို ရုရှား၏ ခြိမ်းခြောက်မှုအကြောင်းပြချက်ဖြင့် ပြန်လည်အသက်သွင်းရန် ဂျာမန်အစိုးရက ကြိုးပမ်းနေခြင်းဖြစ်သော်လည်း မော်စကိုဘက်ကမူ ၎င်းတို့အနေဖြင့် အနောက်နိုင်ငံများအပေါ် ရန်လိုသောရည်ရွယ်ချက်မရှိကြောင်း အစဉ်တစိုက် ငြင်းဆိုထားသည်။ ရဲတပ်ဖွဲ့၏ ခန့်မှန်းချက်အရ ဘာလင်မြို့တော်တွင် ဆန္ဒပြသူ ၃,၀၀၀ ခန့်ရှိခဲ့သော်လည်း ပွဲစီစဉ်သူများ၏ အဆိုအရ နိုင်ငံတစ်ဝန်းတွင် ပါဝင်သူပေါင်း ၅၀,၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
