လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား အီရန်သို့ အဇာဘိုင်ဂျန်ပေးပို့
အဇာဘိုင်ဂျန်နိုင်ငံသည် အီရန်နိုင်ငံသို့ အစားအသောက်နှင့်ဆေးဝါးပစ္စည်းများ ပါဝင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးပို့လိုက်ကြောင်း Azertac သတင်းဌာနက မတ်လ ၁၀ ရက်တွင် ဖော်ပြသည်။
အဇာဘိုင်ဂျန်သမ္မတ အီဟမ်အာလီယက်ဗ်၏ ညွှန်ကြားချက်အရ အီရန်နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဝန်ကြီးဌာန၏ ယာဉ်တန်းဖြင့် ပေးပို့ခြင်းဖြစ်ပြီး အစားအသောက် တန် ၃၀ ခန့်ပါဝင်ကြောင်း အဇာဘိုင်ဂျန်နိုင်ငံ အရန်ပစ္စည်းများဆိုင်ရာအေဂျင်စီ၏ အရန်ပစ္စည်းများထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး အမ်မီလ် ဟာဆန်ဇာဒေ့၏ ပြောကြားချက်ကိုကိုးကား၍ သတင်းဌာနက ဖော်ပြထားသည်။
အဇာဘိုင်ဂျန်က အီရန်နိုင်ငံသို့ ပေးပို့သည့် အကူအညီပေးအပ်မှုသည် မတ်လ ၈ ရက်တွင် အဇာဘိုင်ဂျန်သမ္မတ အီဟမ် အာလီယက်ဗ်နှင့် အီရန်သမ္မတတို့အကြား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ အကူအညီပေးရေး ပစ္စည်းများကို တင်ဆောင်သွားသော ကုန်တင်ယာဉ်များသည် နိုင်ငံအတွင်းမှ ထွက်ခွာသွားပြီဖြစ်ပြီး မကြာမီကာလအတွင်း သတ်မှတ်နေရာသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါအကူအညီပေးရေးပစ္စည်းများတွင် ဂျုံမှုန့် ၁၀ တန်၊ ဆန် ၆ တန်၊ သကြား ၂ ဒသမ ၄ တန်၊ သောက်ရေ ၄ တန်ကျော်၊ လက်ဖက်ခြောက် ၆၀၀ ကီလိုဂရမ်ခန့်နှင့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း ၂ တန်ခန့် ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အဇာဘိုင်ဂျန်သည် အစောပိုင်းက ရပ်ဆိုင်းထားခဲ့သော အီရန်နှင့်နယ်စပ်ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေးကို မတ်လ ၉ ရက်တွင် ပြန်လည် စတင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
Ref: Iv
MWD
