နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ် ကမ္ဘောဇဖလားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဆု ချီးမြှင့်ပွဲကျင်းပ

News Image

  • နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ် ကမ္ဘောဇဖလားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဆု ချီးမြှင့်ပွဲကျင်းပ

တောင်ကြီး  မတ်   ၁၇

 ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ   ယမန်နေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည့်  နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိအသုံးချတတ်စေရေး၊ အားကစားနည်းတစ်ရပ်ရပ်ကို အခြေခံမှစ၍  လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသည့်    အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်းသမီးကောင်းများဖြစ်လာစေရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းနည်းပြ ဆရာများ၊ အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့နှင့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုဆုငွေနှင့်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးများက အားကစားနည်းအလိုက် သင်တန်းသား၊သင်တန်းသူများကို   သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

ယင်းနောက်  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၆ခုနှစ် ဒုတိယအကြိမ် ကမ္ဘောဇဖလားအလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် MOD FC အသင်းနှင့် MYINT MO KHAM FC အသင်းတို့ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးရာ MYINT  MO KHAM FC အသင်းက MOD FC အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဘောလုံးပွဲစဉ်အစအဆုံး   တာဝန်ထမ်းဆောင်ခဲ့ကြသော ဒိုင်လူကြီးများကို အမှတ်တရလက်ဆောင်များပေးအပ်ပြီး  Man of the Match ဆုရရှိသူ၊ ဒုတိယဆုရှိသော MOD FC အသင်းနှင့်  ပထမဆုရရှိသော MYINT  MO KHAM FC အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

MWD