နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်ပွဲတော်ကျင်းပ
နေပြည်တော် ဧပြီ ၁၄
၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်ပွဲတော်ကို ယနေ့မဟာသင်္ကြန်အကျနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ မြက်ခင်းပြင်၌ ကျင်းပသည်။
ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
သံတမန်သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ/အဖွဲ့ရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများနှင့် မိသားစုဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများ၊ မြန်မာသံတမန် သင်တန်းကျောင်းမှနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
ထို့နောက် သံတမန်သင်္ကြန်ပွဲတော်သို့ တက်ရောက်လာကြသည့် သံတမန်များနှင့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက သင်္ကြန်ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြကာ ပါဝင်ဆင်နွှဲကြသူများသည် ပျော်ရွှင်စွာ အတူတကွ ရေပက်ကစားကြကြောင်း သိရသည်။
moi

,
,
,