၂၀၂၆ ခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်၊ သင်္ကြန်အကြိုနေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
မန္တလေး ဧပြီ ၁၃
မန္တလေးမြို့တွင် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောဖယ်ရှားကာ နှစ်သစ်ကို ကြိုဆိုကြမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပရာ မန္တလေး မြို့သူ မြို့သားများသာမက အနယ်နယ်အရပ်ရပ်မှ ပြည်သူများပါ စိတ်ဝင်တစား စောင့်မျှော် နေခဲ့ကြသည့် “မန္တလေးလမ်းလျှောက်သင်္ကြန်ပွဲတော်” ကို ယနေ့ သင်္ကြန်အကြိုနေ့တွင် ဖွင့်လှစ်သည်။
သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ကျောင်းသူ အင်အား ၅၀၀ နှင့် လှပျိုဖြူ အင်အား ၄၀၀ စုစုပေါင်းအင်အား ၉၀၀ တို့၏ ညီညာလှပသော ယိမ်းအကအလှများနှင့်အတူ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို ဖော်ထုတ်ပြသသည့် ရိုးရာအကအလှများဖြင့် ကျင်းပခဲ့ပြီး မန္တလေးသင်္ကြန်၏ အမှတ်သညာတစ်ခုဖြစ်သော သမိုင်းဝင်“မြို့မငွေငန်း” ကြီးသည်လည်း မြို့မတီးဝိုင်း၏ သံစဉ်များနှင့်အတူ ပြည်သူလူထုကို ဂါရဝပြုဖြတ်သန်း၍ မန္တလေးမြို့၏ ယဉ်ကျေးမှု အမွေအနှစ်ကို ဖော်ညွှန်းပြသခဲ့သည်။
ဗဟိုမဏ္ဍပ်ကြီး ဖွင့်လှစ်ပြီးသည်နှင့်တစ်ပြိုင်နက် နိုင်ငံကျော် အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ၊ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့၏ ရိုးရာတီးခတ်မှုများနှင့်အတူ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို လာရောက်ကြသည့် မန္တလေးဒေသခံများ၊ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ၊ ရေပက်ခံထွက်သူများ၊ လမ်းလျှောက်ရေကစားသူများဖြင့် ကျုံးပတ်လည် တစ်လျှောက် စည်ကားခဲ့သည်။
ယခုနှစ် မန္တလေးလမ်းလျှောက်သင်္ကြန်၏ ထူးခြားချက်မှာ မော်တော်ယာဉ်များကို ကျုံးပတ်လည်သို့ ဝင်ရောက်ခွင့်မပြုဘဲ လမ်းလျှောက်သင်္ကြန်အဖြစ်သာ သီးသန့်ဖော်ဆောင်ထားသည့်အတွက် ပြည်သူများ အနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသည်။
ကျုံးပတ်လည်တစ်လျှောက်တွင်လည်း မဏ္ဍပ်ကြီး ၁၇ ခုနှင့် မဏ္ဍပ် အသေး ၂၈ ခုတို့ကို အစီအစဉ်တကျ နေရာချထားရာ ကျုံးအရှေ့ဘက်ခြမ်းဖြစ်သည့် (၆၆) လမ်းတွင် မဏ္ဍပ်ကြီးငါးခု၊ မဏ္ဍပ်အသေး လေးခု၊ အဓိကကျသည့် ကျုံးတောင်ဘက်အခြမ်း (၂၆) လမ်းတွင် ဗဟိုမဏ္ဍပ်ကြီး အပါအဝင် မဏ္ဍပ်ကြီး ခြောက်ခု၊ မဏ္ဍပ်အသေး ၁၃ ခု၊ ကျုံးအနောက်ဘက်ခြမ်းတွင် ဈေးချိုသူမဏ္ဍပ် အပါအဝင် မဏ္ဍပ်ကြီး သုံးခုနှင့် မဏ္ဍပ် အသေးခုနစ်ခု၊ ကျုံးမြောက်ဘက်ခြမ်းတွင် မဏ္ဍပ်ကြီးသုံးခုနှင့် မဏ္ဍပ်အသေး လေးခုတို့ဖြင့် သင်္ကြန်ပွဲတော်ကို စည်ကားစွာဆင်နွှဲကြသည်။
ယခုနှစ်ပွဲတော်တွင် တိုင်းရင်းသားရိုးရာမဏ္ဍပ်များကို ထည့်သွင်းတည်ဆောက်ထားပြီး အဆိုပါ မဏ္ဍပ်များတွင် တိုင်းရင်းသားများ၏ ရိုးရာအကအလှများကို ကပြဖျော်ဖြေနေကြသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကိုပါ စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းခြင်းကြောင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသော ပြည်သူများသည် ပျော်ရွှင်စွာ သင်္ကြန်ရေကစားရင်း ရိုးရာ အစားအစာများကို သုံးဆောင်ကြသည်။
ထို့ပြင် (၇၃) လမ်းပေါ်ရှိ မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်၌လည်း Floating Street ဇုန်၊ Star Light Street ဇုန်၊ Flower Street ဇုန်နှင့် Water Street ဇုန် စသည်ဖြင့် ဇုန်များအလိုက် သတ်မှတ် ဆောင်ရွက်ထားရှိရာ လာရောက်ဆင်နွှဲကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
မန္တလေးကျုံးအနောက်ဘက်တွင် တည်ဆောက်ထားသည့် ဈေးချိုသူ ရေကစားမဏ္ဍပ်၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကအလှများ၊ ယဉ်ကျေးမှုမြို့တော်ဖြစ်သော မန္တလေးမြို့ကို ဖော်ကျူးသီဆိုထားသည့် တေးသီချင်းများတွဲဖက်၍ လှပညီညာစွာကပြဖျော်ဖြေကြသည့် ယိမ်းအဖွဲ့များနှင့် ခေတ်ပေါ် တေးသီချင်းများဖြင့် သင်္ကြန်ချစ်သူပြည်သူများအား မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေတင်ဆက်ကြရာ လာရောက် ရေကစားပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားခဲ့သည်။
မင်းထက်အောင် (မန်းကိုယ်ပွား)

,
,