လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်ခြင်း မပြုရန် ဥရောပနိုင်ငံများက အစ္စရေးကို သတိပေး
အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများဆက်တိုက်မြင့်တက်နေပြီး လူပေါင်း ရာနှင့်ချီ သေဆုံးနေရချိန်တွင် လက်ဘနွန်နိုင်ငံအတွင်းသို့ မြေပြင် ကျူးကျော်ဝင်ရောက်ခြင်းသည် “ဆိုးရွားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ” ကို ဖြစ်ပေါ်စေနိုင်သဖြင့် အစ္စရေး အနေဖြင့် ၎င်း၏စစ်ဆင်ရေးများကိုရပ်တန့်ရန် ဥရောပနိုင်ငံများနှင့် ကနေဒါနိုင်ငံတို့က တောင်းဆိုလိုက်ကြသည်။
အီရန်အဓိပတိခေါင်းဆောင် အလီခါမေနီ လုပ်ကြံခံရမှုကို လက်စားချေသည့်အနေဖြင့် အီရန်နှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ဟဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံအပေါ် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်က ၎င်းတို့၏ မြောက်ဘက်အိမ်နီးချင်းနိုင်ငံရှိဟစ်ဇ်ဘိုလာတို့၏ အဓိကခြေကုပ်စခန်းများကို “အကန့်အသတ်ဖြင့်ပစ်မှတ်ထားသော မြေပြင်စစ်ဆင်ရေးများ” ပြုလုပ်မည်ဖြစ်ကြောင်းတနင်္လာနေ့ (မတ် ၁၆) တွင် ကြေညာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့သော အမေရိကန်-အစ္စရေး ပူးတွဲစစ်ဆင်ရေးအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံ ခေါင်းဆောင်များသည် တနင်္လာနေ့ (မတ် ၁၆) က ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် “အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း” ဖော်ပြခဲ့ကြသည်။ ထို့ပြင် ရေရှည်တည်တံ့သော နိုင်ငံရေးအရ ဖြေရှင်းချက်တစ်ခုရရှိရန် အစ္စရေးနှင့် လက်ဘနွန် ကိုယ်စားလှယ်များအကြား အဓိပ္ပာယ်ရှိသော ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြပြီး အခြေအနေများကို ချက်ချင်းလျှော့ချရန် တိုက်တွန်းခဲ့ကြသည်။
အဆိုပါခေါင်းဆောင်များသည် အီရန်နှင့်ပူးပေါင်း၍ ရန်လိုသည့် တိုက်ခိုက်မှုများပြုလုပ်ရန် ဟစ်ဇ်ဘိုလာအဖွဲ့၏ ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချပြီး လက်နက်စွန့်လွှတ်ရန် တိုက်တွန်းခဲ့သကဲ့သို့ တစ်ဖက်တွင်လည်း အရပ်သားများ၊ အရပ်ဘက်အခြေခံအဆောက်အအုံများနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုများကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး "အဆိုပါလုပ်ရပ်များသည် လက်ခံနိုင်ဖွယ်မရှိကြောင်း" ပြောကြားခဲ့သည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင် "အစ္စရေး၏ ကြီးမားသော မြေပြင်စစ်ဆင်ရေးသည် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများကိုဖြစ်ပေါ်စေပြီး ရေရှည်ပဋိပက္ခဆီသို့ ဦးတည်သွားစေနိုင်သည်။ ထို့ကြောင့် ယင်းကို ရှောင်လွှဲရမည်ဖြစ်သည်။ လက်ရှိ အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုများအပါအဝင် လက်ဘနွန် နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ အလွန် စိုးရိမ်ဖွယ်ရာဖြစ်နေပြီဖြစ်သည်" ဟု ဖော်ပြထားသည်။
ဒေသန္တရအာဏာပိုင်များ၏အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း လက်ဘနွန် နိုင်ငံအပေါ် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၈၈၆ ဦး သေဆုံးခဲ့ပြီး ၂,၀၀၀ ကျော် ဒဏ်ရာရရှိကာ လူပေါင်း ၁ သန်း ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူများအဖြစ် စာရင်းသွင်းထားကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
