အီရန်နှင့်စစ်ဖြစ်ပွားမှုကို ကန့်ကွက်သည့်အနေဖြင့် အမေရိကန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနအကြီးအကဲ ရာထူးမှ နုတ်ထွက်

News Image

  • အီရန်နှင့်စစ်ဖြစ်ပွားမှုကို ကန့်ကွက်သည့်အနေဖြင့် အမေရိကန် အကြမ်း ဖက်မှု တိုက်ဖျက်ရေးဌာနအကြီးအကဲ ရာထူးမှ နုတ်ထွက်

အမေရိကန် အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုဌာန (NCTC) ၏ အကြီးအကဲ ဖြစ်သူ ဂျိုး ကန့် (Joe Kent) သည် ဝါရှင်တန်နှင့် အီရန် တို့ကြား ဖြစ်ပွားနေသောစစ်ပွဲကို ကန့်ကွက်သည့်အနေဖြင့် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ အစ္စရေးသည် အမေရိကန်အား ၎င်းတို့၏ အကျိုး စီးပွားကို မဖော်ဆောင်နိုင်သည့် နောက်ထပ်အဆုံးမရှိသော ပဋိပက္ခတစ်ခုအတွင်းသို့ ဆွဲသွင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီအိုင်အေ (CIA) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် စစ်ဖက်အရာရှိဟောင်း တစ်ဦးဖြစ်သူ ကန့်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲအဖြစ် အဆိုပြုခဲ့ခြင်းဖြစ်ပြီး ထိုနှစ် ဇူလိုင်လတွင် အထက်လွှတ်တော်ကအတည်ပြုခဲ့သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစား မယူမီ အီရတ်နိုင်ငံ၌ စစ်ဆင်ရေးတာဝန် ၁၁ ကြိမ် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အင်္ဂါနေ့ (မတ် ၁၇) က X ပေါ်တွင်တင်ခဲ့သော နုတ်ထွက်စာ၌ ကန့်က "အီရန်မှာ ဖြစ်ပွားနေသည့် စစ်ပွဲကို ကျွန်တော် ကိုယ်ချင်းစာတရားအရ ဆက်ပြီးမထောက်ခံနိုင်တော့ပါဘူး၊ အီရန်ဟာ ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လိုလက်ငင်းအန္တရာယ်မှ မရှိခဲ့ပါဘူး" ဟု ဖော်ပြထားသည်။ ထို့အပြင် "အစ္စရေးနဲ့ အစ္စရေးရဲ့ သြဇာကြီးမားသည့် အမေရိကန်အခြေစိုက် လော်ဘီအဖွဲ့တွေရဲ့ ဖိအားပေးမှုကြောင့် ဒီစစ်ပွဲကို ကျွန်တော်တို့ စတင်ခဲ့ တာဖြစ်သည်မှာ ရှင်းလင်းနေပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

အီရန်သည် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု သမ္မတထရမ့် ယုံကြည်လာစေရန် အစ္စရေးက လုပ်ကြံဖန်တီးထားသောသတင်းမှားများဖြင့် လှည့်ဖြားခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း ကန့်က ဆိုသည်။ ၂၀၀၃ ခုနှစ်က အမေရိကန် အား အီရတ်စစ်ပွဲအတွင်းသို့ ဆွဲသွင်းရန်အတွက်လည်း ယခုကဲ့သို့သော မုသားစကားမျိုးကိုပင် အသုံးပြုခဲ့ဖူးကြောင်း ၎င်းက ထောက်ပြ ပြောဆိုခဲ့သည်။

ရာထူးမှနုတ်ထွက်တော့မည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲ က “ဒီအမှားမျိုးကို ကျွန်တော်တို့ ထပ်ပြီး အမှားမခံနိုင်တော့ပါဘူး ၊ အမေရိကန်ပြည်သူတွေအတွက် ဘယ်လိုအကျိုးအမြတ်မှ မရှိသလို၊ အမေရိကန်နိုင်ငံသားတွေရဲ့ အသက်နဲ့လဲရကျိုးမနပ်သည့် စစ်ပွဲတစ်ခုထဲကို နောက်မျိုးဆက်သစ်တွေကို စေလွှတ်ပြီး အသေခံခိုင်းတာမျိုးကို ကျွန်တော် မထောက်ခံနိုင်ပါဘူး” ဟု ထပ်လောင်းပြောကြားခဲ့သည်။

သမ္မတ ထရမ့်သည် အီရန်နိုင်ငံ၏ ကမ်းလွန်ရေနံ အချက်အခြာစခန်းဖြစ်သော ခါ့ခ်ကျွန်း (Kharg Island) ကို သိမ်းပိုက်ရန် စဉ်းစားနေပြီး ထိုသို့လုပ်ဆောင်ရန်အတွက် ကြည်းတပ်စစ်ဆင်ရေး လိုအပ်နိုင်ဖွယ်ရှိကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထိုကဲ့သို့ နုတ်ထွက်ကြောင်း ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂