စပိန်ဘုရင်က အမေရိကတိုက်ကို သိမ်းပိုက်စဉ်အတွင်း ကျူးလွန်ခဲ့သည့် အလွဲသုံးစားမှုများအတွက် ပထမဆုံးအကြိမ် ဝန်ခံစကားပြောကြား

News Image

  • စပိန်ဘုရင်က အမေရိကတိုက်ကို သိမ်းပိုက်စဉ်အတွင်း ကျူးလွန်ခဲ့သည့် အလွဲသုံးစားမှုများ အတွက် ပထမဆုံးအကြိမ် ဝန်ခံစကားပြောကြား

စပိန်ဘုရင် ဖိလစ်ပီ (King Felipe VI) သည် အမေရိကတိုက်အား စပိန်တို့ နယ်ချဲ့သိမ်းပိုက်စဉ်ကာလအတွင်း ကျူးလွန်ခဲ့သည့် အလွဲသုံးစား လုပ်မှုများစွာနှင့် ကျင့်ဝတ်ဆိုင်ရာ အငြင်းပွားဖွယ်ရာများရှိခဲ့ကြောင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ခံပြောကြားလိုက်သည်။

အဆိုပါမှတ်ချက်ကို မက္ကဆီကို သံအမတ်ကြီးနှင့် မက်ဒရစ်မြို့ရှိ ပြပွဲတစ်ခုတွင်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခင်က တောင်းပန်ရန် ငြင်းဆန်ခဲ့သော စပိန်တော်ဝင်မိသားစုထံမှ ထွက်ပေါ်လာသည့် ထူးခြားသော သံတမန်ရေးရာအလှည့်အပြောင်းတစ်ခုလည်း ဖြစ်သည်။ ဘုရင်က ၁၆ ရာစုအတွင်း တိုင်းရင်းသားများကို အကာအကွယ်ပေးရန် ရည်ရွယ်သည့် ဥပဒေများ ရှိခဲ့သော်လည်း လက်တွေ့တွင်မူ များစွာသော ဖိနှိပ်မှုများသာဖြစ်ပွားခဲ့ပြီး ယနေ့ခေတ် တန်ဖိုးထားမှုများအရ အဆိုပါ သမိုင်းကြောင်းမှာ ဂုဏ်ယူစရာမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

စပိန်နှင့် မက္ကဆီကို နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ၂၀၁၉ ခုနှစ် ကတည်းက စတင်ကာ တင်းမာမှုများ ရှိနေခဲ့သည်။ ထိုစဉ်က မက္ကဆီကို သမ္မတ အိုဘရာဒေါက ၁၅၁၉ ခုနှစ်မှစတင်သည့် နှစ်ပေါင်း ၃၀၀ ကြာ ကိုလိုနီအုပ်ချုပ်မှုအတွင်းကျူးလွန်ခဲ့သည့် မတရားမှုများအတွက် စပိန် ဘက်က တရားဝင်တောင်းပန်ရန်တောင်းဆိုခဲ့သော်လည်း စပိန်ဘက်က တုံ့ပြန်ခြင်း မရှိခဲ့ပေ။ 

ယင်းတင်းမာမှု၏ နောက်ဆက်တွဲအဖြစ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပသည့် မက္ကဆီကိုသမ္မတသစ် ကလော်ဒီယာ ရှိန်းဘောင်း၏ ရာထူးတက်ပွဲသို့ စပိန်ဘုရင်ကို ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သည့်အထိ ဖြစ်ပွားခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်နှစ်တွင် စပိန်နိုင်ငံခြားရေးဝန်ကြီးက နာကျင်မှုနှင့် မတရားမှုများကို စတင်ဝန်ခံခဲ့ပြီးနောက် ယခုအခါ ဘုရင် ကိုယ်တိုင် ကပါ အသိအမှတ်ပြုစကား ပြောကြားလာခြင်းဖြစ်သည်။

သမ္မတ ရှိန်းဘောင်းက ဘုရင်၏ပြောကြားချက်ကို ကြိုဆိုခဲ့ပြီး ၎င်းမှာ စပိန်အစိုးရဘက်မှ အမှားကိုအသိအမှတ်ပြုရန် လုပ်ဆောင်လာသည့်“ပထမခြေလှမ်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ထိုမှတ်ချက်သည် တရားဝင် တောင်းပန်လွှာအဆင့်အထိ မရောက်ရှိသေးသဖြင့် နှစ်နိုင်ငံကြား သမိုင်းဝင်အငြင်းပွားမှုများ လုံးဝပြေလည်သွားခြင်း ရှိ၊ မရှိကိုမူ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂