Epstein နှင့် ပတ်သက်မှုရှိသူ ဘီလျံနာ ပီတာသီးလ်က ဗာတီကန် အနီးတွင် ‘Antichrist’ အငြင်းပွားဖွယ်ရာ ဟောပြောပွဲများ ပြုလုပ်

News Image

  • Epstein နှင့် ပတ်သက်မှုရှိသူ ဘီလျံနာ ပီတာသီးလ်က ဗာတီကန် အနီး တွင် ‘Antichrist’ အငြင်းပွားဖွယ်ရာ ဟောပြောပွဲများ ပြုလုပ်

PayPal နှင့် Palantir Technologies တို့ကို ပူးတွဲတည်ထောင်သူ အမေရိကန်-ဂျာမန် ဘီလျံနာ ပီတာသီးလ် (Peter Thiel) သည် ယခု သီတင်းပတ်အတွင်း ရောမမြို့ရှိ ဗာတီကန်နန်းတော်နှင့် နီးကပ်သော လျှို့ဝှက်နေရာတစ်ခုတွင် "ခရစ်တော်ကို ဆန့်ကျင်သူ" (Antichrist) အကြောင်း ဟောပြောပွဲတစ်ရပ်ကို ကျင်းပလျက်ရှိရာ ကက်သလစ် အသိုင်းအဝိုင်းအတွင်း ဝေဖန်မှုများ မြင့်တက်နေသည်။ 

တနင်္ဂနွေနေ့မှ ဗုဒ္ဓဟူးနေ့အထိ (မတ် ၁၅ မှ ၁၈) ပြုလုပ်သည့် ဖိတ်ကြားချက်အရသာ တက်ရောက်ခွင့်ရှိသော အဆိုပါ ညီလာခံသည် ဘာသာရေးအယူအဆနှင့် နည်းပညာဆိုင်ရာ စိုးရိမ်မှုများကို ရောနှောတင်ပြထားခြင်းဖြစ်သည်။ သီးလ်၏ အယူအဆအရ ကျမ်းစာလာခရစ်တော်ကိုဆန့်ကျင်သူသည် ရက်စက်ကြမ်းကြုတ်သူအသွင်ဖြင့် ပေါ်လာမည်မဟုတ်ဘဲ AI ၊ ရာသီဥတုပြောင်းလဲမှုနှင့် နျူကလီးယား စစ်ပွဲစသည့် ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်များကို စီမံခန့်ခွဲပေးမည့် "သူရဲကောင်းဆန်သော စီမံခန့်ခွဲသူ" အဖြစ် ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်တစ်ခုတည်းအောက်တွင် စုစည်းရန် ကြိုးပမ်းလိမ့်မည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါဟောပြောပွဲနှင့်ပတ်သက်၍ ဗာတီကန်နှင့် ဆက်နွှယ်သောအဖွဲ့အစည်းများက ၎င်းတို့နှင့် ပတ်သက်မှုမရှိကြောင်း အတိအလင်း ငြင်းဆိုထားကြသည်။ အီတလီ ဘုန်းတော်ကြီးများပိုင်Avvenire သတင်းစာကမူ သီးလ်၏အမြင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်ထက် အထက်တန်းလွှာ သူဌေးကြီးများကသာ ကမ္ဘာကြီးကို စောင့်ကြည့်ထိန်းချုပ်မည့် "Superplutocracy" စနစ်ကို ဦးတည်နေ ကြောင်း ဝေဖန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သီးလ်သည် ၂၀၁၉ ခုနှစ်က ထောင်တွင်း၌ သေဆုံးသွားခဲ့သော လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ကာလရှည်ကြာ ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့မှုကြောင့် စစ်ဆေးမေးမြန်းမှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

သတင်းမှတ်တမ်းများအရ သီးလ်နှင့် အက်ပ်စတိန်းတို့သည် ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ်အတွင်း အီးမေးလ်ရာပေါင်းများစွာ အပြန်အလှန်ပေးပို့ခဲ့ကြပြီး အက်ပ်စတိန်းက သီးလ်၏ ရန်ပုံငွေလုပ်ငန်းတွင် ဒေါ်လာ ၄၀ သန်း ရင်းနှီးမြှုပ်နှံခဲ့သည့်အပြင် ၎င်း၏နာမည်ဆိုးဖြင့် ကျော်ကြားသော ကျွန်းသို့လည်း အကြိမ်ကြိမ် ဖိတ်ကြားခဲ့ဖူးသည်။ 

အက်ပ်စတိန်းသည် ဘီလ် ကလင်တန်၊ ဒေါ်နယ် ထရမ့်နှင့် မင်းသား အင်ဒရူး အစရှိသည့် ကမ္ဘာ့သြဇာရှိ ပုဂ္ဂိုလ်များနှင့် ပတ်သက်မှုများရှိခဲ့သူ ဖြစ်သည်။ ပီတာသီးလ်ကမူ ၎င်းအနေဖြင့် မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်းနှင့် အက်ပ်စတိန်း၏ အတိတ်အကြောင်းကို သေချာစွာ မစုံစမ်းခဲ့မိခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားသော်လည်း ယခုကဲ့သို့ ဗာတီကန်အနီးတွင် ပြုလုပ်သော လျှို့ဝှက်ဟောပြောပွဲက ၎င်းအပေါ် စောင့်ကြည့်ဝေဖန်မှုများကို ပိုမိုပြင်းထန်စေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂