တရုတ်အစိုးရက စွမ်းအင်ဖူလုံရေးဖြင့် ပြန်လည်ပေါင်းစည်းရန် တရုတ်(တိုင်ပေ)ကိုကမ်းလှမ်း
တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းတွင် စွမ်းအင်ဖူလုံမှုရှိစေရေးထောက်ပံ့ပေးမည်ဟုဆိုကာ တရုတ်(တိုင်ပေ)နှင့် ပြန်လည် ပေါင်းစည်းရေးအတွက် ကမ်းလှမ်းလိုက်ကြောင်း သိရသည်။ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အောင်မြင်ပြီးပါက ထိုင်ဝမ်ကျွန်းသို့ တည်ငြိမ်ပြီး စိတ်ချရသော စွမ်း အင်ထောက်ပံ့မှုများပေးအပ်ရန် အဆင်သင့်ရှိကြောင်း နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ကျွန်းရေးရာရုံးပြောရေးဆိုခွင့်ရှိသူ ချန်ဘင်ဟွာက မတ်လ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောခြင်း ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုကြောင့် ထိုင်ဝမ်ကျွန်း၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပြတ်တောက်နိုင်ခြေအပေါ် စိုးရိမ်မှုများရှိနေခြင်းနှင့်ပတ်သက်၍ ၎င်းကယခုကဲ့သို့ပြောခြင်းဖြစ်သည်။ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းပြီးပါက ထိုင်ဝမ်ကျွန်း၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အခွင့်အလမ်းကောင်းများရရှိလာမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းပြတ်လပ်မှု ပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်မည်ဟု ၎င်းကဆိုသည်။
ထို့ပြင် အစ္စတန်ဘူမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးသည် အရှေ့အလယ်ပိုင်းတွင် ပိတ်မိနေသည့် ထိုင်ဝမ်ကျွန်းသား ၉၃ ဦးအား ပြည်မကြီးလေကြောင်းလိုင်းများဖြင့် အိမ်ပြန်နိုင်ရန် ကူညီပေးထားသည်။ ထိုသို့ ကူညီမှုအပေါ် ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေး ပါတီက ဝေဖန်မှုသည် ရှက်ဖွယ်ကောင်းသော လုပ်ရပ်အဖြစ် ချန်ဘင်ဟွာက ရှုတ်ချထားသော်လည်း ကောင်စစ်ဝန်ရုံးများက ထိုသို့ကူညီမှုများ ဆက်ပေးသွား မည်ဟုပြောထားသည်။
Ref: China Daily
MWD
