အီရန်ရှိ South Pars ဓာတ်ငွေ့သိုက်အား အစ္စရေး၏ အန္တရာယ်ရှိသောတိုက်ခိုက်မှုအပေါ် ကာတာ ပြင်းထန်စွာရှုတ်ချ

News Image

  • အီရန်ရှိ South Pars ဓာတ်ငွေ့သိုက်အား အစ္စရေး၏ အန္တရာယ်ရှိသောတိုက်ခိုက်မှုအပေါ် ကာတာ ပြင်းထန်စွာရှုတ်ချ

အီရန်နှင့် ကာတာနိုင်ငံတို့ ပူးတွဲပိုင်ဆိုင်သည့် ကမ္ဘာ့အကြီးဆုံး South Pars/North Field သဘာဝဓာတ်ငွေ့သိုက်ရှိ အီရန်ဘက်အခြမ်း ဓာတ်ငွေ့ချက်လုပ်ရေးစက်ရုံများအား အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းအပေါ် ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက အန္တရာယ်ရှိပြီး တာဝန်မဲ့သော လုပ်ရပ်အဖြစ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ အဆိုပါ ဗုဒ္ဓဟူးနေ့ (မတ် ၁၈) တိုက်ခိုက်မှုသည် ကမ္ဘာ့စွမ်းအင်လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ကာတာဘက်က သတိပေးခဲ့ပြီး Axios သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါစစ်ဆင်ရေးကို အစ္စရေးတပ်ဖွဲ့များက အမေရိကန်နှင့် ညှိနှိုင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed al-Ansari က ယခုတိုက်ခိုက်မှုသည် ဒေသတွင်းစစ်ရေးတင်းမာမှုများကို ပိုမိုဆိုးရွား စေပြီး သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုအပေါ်ပါ သက်ရောက်မှုရှိနိုင်ကြောင်း X လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ 

South Pars/North Field သည် ကမ္ဘာပေါ်ရှိ အခြားဓာတ်ငွေ့သိုက်အားလုံး စုပေါင်းထားသည့် ပမာဏနီးပါးရှိသော အလွန်အရေးပါသည့် စွမ်းအင်ဗဟိုချက်ဖြစ်ပြီး ကာတာ နိုင်ငံ၏ ဝင်ငွေ ၈၀ ရာခိုင်နှုန်းမှာ ထိုနယ်မြေမှထွက်ရှိသော လောင်စာဆီနှင့် ဓာတ်ငွေ့များအပေါ်တွင် တည်မှီနေခြင်းဖြစ်သည်။

အီရန်စစ်တပ်ကလည်း ယခုတိုက်ခိုက်မှုအတွက် လက်စားချေသွားမည် ဟု တုံ့ပြန်ခဲ့ပြီး အမေရိကန်-ဇီယွန်ဝါဒီ ရန်သူများအနေဖြင့် အီရန်၏ စီးပွားရေးနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ထပ်မံ တိုက်ခိုက်ပါက ကျူးကျော်မှုစတင်ရာနေရာများကိုပါ အပြင်းအထန် ပြန်လည် တိုက်ခိုက်မည်ဟု ကြေညာခဲ့သည်။ 

အီရန်ဘက်က ထိုသို့ သတိပေးပြီး နာရီပိုင်းအကြာတွင်ပင် ဆော်ဒီအာရေဗျ မြို့တော် ရီယာ့ဒ်တွင် ပေါက်ကွဲသံများ ကြားခဲ့ရသကဲ့သို့ ကာတာနိုင်ငံ၏ Ras Laffan LNG ဗဟိုချက်သို့လည်း ဒုံးကျည်များထိမှန်ကာ ကြီးမားသော ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း QatarEnergy က အတည်ပြုခဲ့သည်။

လက်ရှိတွင် ကာတာအရပ်ဘက်ကာကွယ်ရေးဌာနက ၎င်းတို့၏ စွမ်းအင် ဗဟိုချက် တိုက်ခိုက်ခံရမှုကို အီရန်၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားသဖြင့် ဒေသတွင်း စွမ်းအင်အခြေခံအဆောက်အအုံများကို အပြန်အလှန် ပစ်မှတ်ထားသည့် စစ်ပွဲတစ်ခုအသွင်သို့ ကူးပြောင်းလာကာ ကမ္ဘာ့လောင်စာဆီ ဈေးကွက်အတွက်ပါ စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂