ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ သဘောတူညီချက် ပျက်ပြားသွားသည့်အတွက် ရဝမ်ဒါနိုင်ငံက ဗြိတိန်ထံမှ လျော်ကြေးတောင်းဆို
ဗြိတိန်နိုင်ငံက ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးမည့်သဘောတူညီချက်ကို ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီးနောက် ရဝမ်ဒါနိုင်ငံက ဗြိတိန်ထံမှ ပေါင် ၁၀၀ သန်း (အမေရိကန်ဒေါ်လာ ၁၂၇ သန်းခန့်) ရလိုကြောင်း နိုင်ငံတကာအနုညာတစီရင်ရေးအဖွဲ့ (International Arbitrators) ထံ ဗုဒ္ဓဟူးနေ့ (မတ် ၁၈) တွင် အသိပေး ပြောကြားခဲ့သည်။
ရဝမ်ဒါနိုင်ငံအနေဖြင့် ခိုလှုံခွင့်ဆိုင်ရာ အယူခံတရားရုံးတစ်ခုကို တည်ထောင်ခဲ့ခြင်း၊ ဝန်ကြီးဌာနနှင့် စီမံခန့်ခွဲမှုဆိုင်ရာမူဘောင်များကို ဖော်ဆောင်ခဲ့ခြင်းတို့အပြင် ရောက်ရှိလာမည့် ဒုက္ခသည်များအတွက် လက်ခံရေးစခန်းများကို ပြင်ဆင်ခဲ့ရာတွင် ကုန်ကျစရိတ်များစွာ ရှိခဲ့သည်ဟု ရဝမ်ဒါတရားရေးဝန်ကြီးနှင့် ရှေ့နေချုပ်ဖြစ်သူ Emmanuel Ugirashebuja က ကြားနာပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်ဆောင်ရွက်ရေး (MEDP) အစီအစဉ်ကို ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အစိုးရလက်ထက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး ဗြိတိန်သို့ တရားမဝင်ရောက်ရှိလာသူများကို ရဝမ်ဒါနိုင်ငံသို့ ပို့ဆောင်ရန် ၅ နှစ်သက်တမ်းရှိ သဘောတူညီချက်တစ်ခု ပါဝင်ခဲ့သည်။
သို့သော်လည်း ဥရောပလူ့အခွင့်အရေးတရားရုံး (ECHR) ၏ ကြားဝင်စွက်ဖက်မှုကြောင့် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အဆိုပါစီမံကိန်းကို ဆိုင်းငံ့ခဲ့ရပြီး လေယာဉ်တစ်စင်းမျှ ပျံသန်းနိုင်ခြင်းမရှိခဲ့ပေ။ ထို့အပြင် ဗြိတိန်နိုင်ငံ၏ အမြင့်ဆုံးတရားရုံးကလည်း ရဝမ်ဒါနိုင်ငံသည် ပြည်နှင်ဒဏ်ပေးခံရသူများအတွက် ဘေးကင်းလုံခြုံမှုမရှိဟုယူဆကာ အဆိုပါစီမံကိန်းကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏ အစိုးရအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အာဏာရလာပြီးနောက် ထိုစီမံကိန်းကို ဖျက်သိမ်းခဲ့သည်။ ပြည်ထဲရေးဝန်ကြီး အီဗတ် ကူးပါးက ထိုစီမံကိန်းကြောင့် အခွန်ထမ်းပြည်သူများ၏ ငွေကြေး ပေါင် သန်း ၇၀၀ ခန့် ကုန်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။ စတာမာကလည်း ယင်းအစီအစဉ်သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို လုံးဝတားဆီးနိုင်ခြင်းမရှိခဲ့ကြောင်းနှင့် လှေငယ်များဖြင့် ရောက်ရှိလာသူများ၏ "၁ ရာခိုင်နှုန်းအောက်" ကိုသာ ပြည်နှင်ဒဏ်ပေးနိုင်မည်ဖြစ်ရာ ထိုစီမံကိန်းမှာဖျက်သိမ်းရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
နိုဝင်ဘာလတွင် ရဝမ်ဒါအစိုးရသည် MEDP ဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ နယ်သာလန် အခြေစိုက် အမြဲတမ်းအနုညာတစီရင်ရေး တရားရုံး (Permanent Court of Arbitration) ထံသို့ အနုညာတစီရင်ရန် အကြောင်းကြားစာပေးပို့ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
