ပြင်သစ်ကိုယ်စားလှယ်အဖွဲ့ကို ရိုင်းစိုင်းစွာ တုံ့ပြန်ခဲ့သည် ဟူသော စွပ်စွဲချက်ကို ရုရှားအစိုးရ ငြင်းဆို

News Image

  • ပြင်သစ်ကိုယ်စားလှယ်အဖွဲ့ကို ရိုင်းစိုင်းစွာ တုံ့ပြန်ခဲ့သည် ဟူသော စွပ်စွဲချက်ကို ရုရှားအစိုးရ ငြင်းဆို

ပြင်သစ်နိုင်ငံနှင့် ဆက်ဆံရာတွင် ရိုင်းစိုင်းသော အသုံးအနှုန်းများဖြင့် တုံ့ပြန်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ကရင်မလင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ် က ရုရှားအစိုးရအနေဖြင့် အခြားနိုင်ငံများနှင့် ဆက်ဆံရာတွင် မည်သည့် အခါမျှ ရိုင်းစိုင်းသော အသုံးအနှုန်းများကို အသုံးမပြုကြောင်း တနင်္ဂနွေနေ့ (မတ် ၂၂) တွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြင်သစ်သမ္မတ မက်ခရွန်၏ အကြံပေးနှစ်ဦး ဖြစ်ကြသော အီမန်နျူရယ် ဘွန်းနှင့် ဘာထရန် ဘတ်ချ်ဝေါလ်တာတို့သည် မော်စကိုမြို့သို့ လျှို့ဝှက်သွားရောက်ခဲ့ပြီးရုရှားသမ္မတ၏ လက်ထောက် ယူရီ အူရှာကော့ဗ်နှင့် တွေ့ဆုံခဲ့ခြင်းမှစတင်ခဲ့ခြင်းဖြစ်သည်။ Financial Times သတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်ဘက်က ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဥရောပသမဂ္ဂ (EU) ကိုပါ ထည့်သွင်းရန် တောင်းဆိုခဲ့သော်လည်း ရုရှားဘက်က ရိုင်းစိုင်းသောအသုံးအနှုန်းဖြင့် ပယ်ချခဲ့သည်ဟု အမည်မဖော်လိုသူ ဥရောပသံတမန်တစ်ဦးက စွပ်စွဲခဲ့သည်။

ယင်းစွပ်စွဲချက်နှင့်ပတ်သက်၍ ပက်စကော့ဗ်က “သံတမန်ရေးဆိုတာ တစ်ဖက်လူကို ငရဲသွားခိုင်းသည့်အခါမှာ အဲ့ဒီလူက တကယ်ကိုသွားချင် စိတ်ပေါက်လာအောင် ပြောဆိုနိုင်စွမ်းရှိတာကို ဆိုလိုတာပါ” ဟူသော ဆိုရိုးစကားကို ကိုးကားကာ တုံ့ပြန်ခဲ့သည်။ ၎င်းက ပြင်သစ် အကြံပေး များ၏ ခရီးစဉ်သည် အမှန်တကယ်ရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် မည်သည့် ကောင်းမွန်သည့်အရိပ်အယောင်မျှ ယူဆောင်လာခြင်းမရှိခဲ့ကြောင်း ဝေဖန်ခဲ့သည်။

ထို့အပြင် ဥရောပ နိုင်ငံများသည် ၎င်းတို့၏ အနာဂတ်အတွက် မှားယွင်းသောလုပ်ရပ်အဖြစ် ယူကရိန်းကို စစ်ပွဲဆက်တိုက်ရန် တိုက်တွန်းနေကြကြောင်း၊ ရုရှားအနေဖြင့် စစ်မြေပြင်တွင် အသာစီးရနေသော်လည်း သမ္မတ ပူတင် ပြောကြားခဲ့သကဲ့သို့ သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန် လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း ပက်စကော့ဗ်က ဖြည့်စွက် ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂