အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ကျူးဘားနိုင်ငံ၌ အစိုးရအပြောင်းအလဲဖြစ်ရန် အရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် ကျူးဘားနိုင်ငံအပေါ် စီးပွားရေးအရ ဖိအားပေးရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ Axio သတင်းဌာနက မေလ ၂၉ ရက်တွင်ထုတ်ပြန်ထားသည်။ ကျွန်းနိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံ၌ လက်ရှိတွင်လောင်စာဆီ ပြတ်လပ်မှုဖြစ်ပေါ်နေသည့်အတွက် နေ့စဉ်လျှပ်စစ်မီး ပြတ်တောက်မှုမှာ နာရီ ၂၀ နီးပါးအထိ ရှိလာနေပြီဖြစ်သည်။ထိုအချိန်တွင် အမေရိကန်အစိုးရသည် ကျူးဘားနိုင်ငံသို့ စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်ခြင်းမပြုဘဲ ယင်းနိုင်ငံအတွင်း အခက်အခဲများ ပိုမိုဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်များကပြောသည်။ လက်ရှိအချိန်တွင်အမေရိကန်သမ္မတအနေဖြင့် တစ်ဖက်၌ အီရန်နှင့်ဆွေးနွေးမှုများ လုပ်နေရသည့်အတွက် ကျူးဘားကိစ္စကို အချိန်ဆွဲနေရခြင်းသာ ဖြစ်ကြောင်းနှင့် အခြေအနေပေးသည့်အချိန်တွင် လိုအပ်သည့်အဆင့်များကို အရှိန်အဟုန်ပြင်းစွာ အကောင်အထည် ဖော်ဆောင်ရွက်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။ MWD
Sat, 30-May-2026