အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ ယခုနှစ်အတွင်း ရုရှားသို့ လာရောက်မည်ဟု လာဗရော့ဗ် ပြောကြား

News Image

  • အိန္ဒိယဝန်ကြီးချုပ် မိုဒီ ယခုနှစ်အတွင်း ရုရှားသို့ လာရောက်မည်ဟု လာဗရော့ဗ် ပြောကြား

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် ယခုနှစ်အတွင်း ရုရှားနိုင်ငံသို့ လာရောက်လည်ပတ်ရန် မျှော်လင့်ရကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ပြောကြားခဲ့သည်။ လာဗရော့ဗ်သည် 'ရုရှားနှင့် အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေး အစီအစဉ်သစ်ဆီသို့' အမည်ရှိ ညီလာခံသို့ ပေးပို့ခဲ့သော ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက သမ္မတ ပူတင်ရဲ့ နယူးဒေလီ ခရီးစဉ်ရလဒ်တွေအရ ရုရှားနဲ့ အိန္ဒိယတို့ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေဟာ ထပ်တူကျနေတာကို အတည်ပြုနိုင်ခဲ့သလို ခိုင်မာသည့်သဘောတူညီချက် စာတမ်းအမြောက်အမြားကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်" ဟု လာဗရော့ဗ်က ဆိုသည်။

ထို့အပြင် လာဗရော့ဗ်က ရုရှားနှင့်အိန္ဒိယတို့အကြား အမြင့်ဆုံးအဆင့် ခေါင်းဆောင်များ၏ ဆွေးနွေးမှုကဏ္ဍသည် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။ သမ္မတပူတင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက အိန္ဒိယ နိုင်ငံသို့ (၁၀) ကြိမ်မြောက် မှတ်တမ်းဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ညီလာခံတွင်ပင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ ကလည်း ပူတင်၏ ခရီးစဉ်သည် ကျွမ်းကျင်လုပ်သားများ ရွှေ့ပြောင်းသွားလာမှု၊ ကျန်းမာရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေကြောင်းပူးပေါင်းဆောင်ရွက်မှု၊ မြေသြဇာ၊ အကောက်ခွန်နှင့် ကုန်သွယ်ရေး၊ ပညာရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှု အစရှိသည့်နယ်ပယ်စုံတွင် လမ်းသစ်များ ဖော်ဆောင်နိုင်ခဲ့ကြောင်း ဆိုသည်။

အိန္ဒိယနှင့် ရုရှားတို့သည် လက်ရှိနှစ်စဉ် ကုန်သွယ်မှုပမာဏ $68.7 ဘီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် $100 ဘီလီယံအထိ တိုးမြှင့်ရန် ကတိပြုထားကြကြောင်းလည်း ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။ "ဒါကို အကောင်အထည်ဖော်ဖို့အတွက် အိန္ဒိယ-EAEU (ယူရေးရှား စီးပွားရေးသမဂ္ဂ) လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို အပြီးသတ်နိုင်ဖို့ ဆက်လက် ကြိုးပမ်းရမှာဖြစ်သလို အခွန်မဟုတ်သည့် ကုန်သွယ်ရေးအတားအဆီးတွေနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲတွေကိုဖြေရှင်းပြီး ကျွမ်းကျင်အိန္ဒိယလုပ်သားအင်အားစုကို အသုံးချသွားရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

"အိန္ဒိယရဲ့ စွမ်းအင်ဆိုင်ရာ ရည်မှန်းချက်တွေပြည့်မီဖို့အတွက် ရုရှားဟာ ယုံကြည်အားကိုးထိုက်သည့် မိတ်ဖက်အဖြစ်ရှိနေလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ဂျိုင်ရှန်ကာက အတည်ပြု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂