အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထိပ်သီးဆွေးနွေးမှုများလုပ်ရန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထိပ်သီးဆွေးနွေးမှုများလုပ်ရန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထိပ်သီးဆွေးနွေးမှုများ ပြုလုပ်ရန် မေလ ၁၃ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် မေလ ၁၄ ရက်တွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံသို့ လာရောက်စဉ် ရှီကျင့်ဖျင်အနေဖြင့် တရုတ်နိုင်ငံအတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လမ်းဖွင့်ပေးရန် တောင်းဆိုထားသည်။ ထို့ပြင် လာမည့်ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုခိုင်မာစေရေးအတွက် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

ယခုခရီးစဉ်တွင် အမေရိကန်သမ္မတနှင့်အတူ Tesla နှင့် SpaceX လုပ်ငန်းများ တည်ထောင်သူ အီလွန်မက်စ်နှင့် Apple ကုမ္ပဏီ၏ အမှုဆောင်ချုပ် တင်ကွတ်ကဲ့သို့သော ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာပြီး ရှီကျင့်ဖျင်နှင့် ထိပ်သီးဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်သွားမည်ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် ၎င်း၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်ကြောင်း သိရသည်။

Ref: FT

MWD