ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ဖုန်းခိုးနားထောင်ခံရမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် အော်ဘန် စုံစမ်းစစ်ဆေးရန် အမိန့်ပေး
ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ပီတာ ဆီဂျာတို (Peter Szijjarto) သည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံ အနည်းဆုံး တစ်နိုင်ငံ၏ ထောက်လှမ်းရေးအေဂျင်စီများက ဖုန်းခိုးနားထောင်ခြင်း ခံခဲ့ရသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) က အရေးပေါ်စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်သည်။ အဆိုပါ ထောက်လှမ်းရေးလုပ်ဆောင်မှုတွင် ဟန်ဂေရီ အတိုက်အခံသတင်းထောက်တစ်ဦးက ကူညီပေးခဲ့သည်ဟူသော အထောက်အထားများ ပေါ်ထွက်လာပြီးနောက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်ရပ်သည် Washington Post နှင့် Politico သတင်းဌာနများတွင် "ဆီဂျာတိုသည် EU အစည်းအဝေးများအတွင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး လာဗရော့ဗ်ထံ တိုက်ရိုက်အစီရင်ခံမှုများ ပြုလုပ်ခဲ့သည်" ဟု ရေးသားဖော်ပြခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဟန်ဂေရီ ရှေးရိုးစွဲသတင်းဌာနဖြစ်သော Mandiner က ထုတ်ဖော်လိုက်သည့် အသံဖိုင်အရ Vsquare သတင်းဌာန၏ အယ်ဒီတာဖြစ်သူ အတိုက်အခံသတင်းထောက် ဆာဘော့ ပန်ရီ (Szabolcs Panyi) သည် နိုင်ငံခြားရေးဝန်ကြီး၏ ဖုန်းနံပါတ်ကို EU နိုင်ငံတစ်ခု၏ အမျိုးသား လုံခြုံရေးဌာနထံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ပန်ရီကလည်း ၎င်းသည် အသံဖိုင်ထဲမှ လူဖြစ်ကြောင်းဝန်ခံထားပြီး ၎င်းရရှိထားသော အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးရန်အတွက် ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Facebook မှတစ်ဆင့် ရှင်းလင်းထားသည်။
ထို့အပြင် ယခုဖြစ်ရပ်သည် ပြည်တွင်းနိုင်ငံရေး ကစားကွက်များနှင့်လည်း ဆက်နွှယ်နေကြောင်း တွေ့ရှိရသည်။ အသံဖိုင်အရ ပန်ရီသည် အတိုက်အခံခေါင်းဆောင် ပီတာ မာဂျာ (Peter Magyar) ၏ Tisza ပါတီ နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး မာဂျာ အာဏာရလာပါက အစိုးရ အဖွဲ့ဝင်များခန့်အပ်ခြင်းနှင့် ဖယ်ရှားခြင်းတို့တွင် အကြံပေးနိုင်သည့် အနေအထားရှိကြောင်း ပြောဆိုခဲ့သည်။
အထူးသဖြင့် Vsquare သတင်းဌာနသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (NED) နှင့် USAID တို့၏ ငွေကြေးထောက်ပံ့မှုကို ရရှိထားပြီး မကြာသေးမီကလည်း ရုရှားထောက်လှမ်းရေးများက အော်ဘန် အနိုင်ရရန် ကြိုးပမ်းနေသည်ဟု ခိုင်လုံသောအထောက်အထားမရှိဘဲ စွပ်စွဲခဲ့ ဖူးသည်။ ဝန်ကြီးချုပ် အော်ဘန်ကမူ နိုင်ငံခြားရေးဝန်ကြီး ဖုန်းခိုးနားထောင်ခံရမှုနှင့် ယင်းဖြစ်ရပ်နောက်ကွယ်မှ ကြိုးကိုင်သူများကို ဖော်ထုတ်ရန် အလေးအနက်ထား ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
