လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာမှုအန္တရာယ်များကြောင့် ဗီယက်နမ် လေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ်အချို့ကို ယာယီရပ်နားမည်

News Image

  • လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာမှုအန္တရာယ်များကြောင့် ဗီယက်နမ် လေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ်အချို့ကို ယာယီရပ်နားမည်

အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် လေယာဉ်ဆီပြတ်လပ်မှုနှင့် ဆီဈေးနှုန်းမြင့်တက်မှုများမှာ နိုင်ငံ၏လေကြောင်း ခရီးသွားလာရေး အပေါ် စတင်သက်ရောက်လာသဖြင့် ဗီယက်နမ်လေကြောင်းလိုင်း(Vietnam Airlines) သည် ပြည်တွင်းခရီးစဉ်အချို့ကို ယာယီရပ်နားသွားမည် ဖြစ်သည်။

ဗီယက်နမ် မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ Vietnam Airlines သည် လေယာဉ်ဆီရရှိမှုခက်ခဲလာခြင်းကြောင့် ဧပြီလ ၁ ရက်နေ့မှစ၍ တစ်ပတ်လျှင် ခရီးစဉ်ပေါင်း ၂၃ ခုခန့်ကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။ VietJet Aviation JSC သည်လည်း ၎င်းတို့၏ လက်မှတ်အရောင်းဝက်ဘ်ဆိုက်ရှိ ခရီးစဉ်ဇယားများအရ လမ်းကြောင်းအချို့တွင် ပျံသန်းမှုများကို လျှော့ချနေသည်။

Bamboo Airways ကမူ ဆီဈေးနှုန်းများ ဆက်လက်မြင့်မားနေပါက ခရီးစဉ်အကြိမ်ရေမှာ ယခင်နှစ်ထက် လျော့နည်းနိုင်သော်လည်း ခရီး သွားလာမှု အများဆုံးကာလများတွင် ပျံသန်းမှုများ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအခွန်နှင့် လေယာဉ်ဆီအခွန်များကို ထပ်မံလျှော့ချပေးရန် အပါအဝင် လေကြောင်းလိုင်းများအတွက် အစိုးရထံမှ ပံ့ပိုးကူညီမှုများ ပိုမို ရရှိရန်လည်း တောင်းဆိုထားသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများ လုံးဝနီးပါးရပ်တန့်သွားပြီးနောက် ဗီယက်နမ်နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဆီဆိုင်များတွင် တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် စွမ်းအင် လုံခြုံရေးကိုမြှင့်တင်ရန် ဆောင်ရွက်လာခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးနိုင်သော ရေနံချက်စက်ရုံ နှစ်ရုံရှိသော်လည်း တင်သွင်းနေရသည့် ရေနံစိမ်း ၈၀ ရာခိုင်နှုန်းကျော်မှာ အရှေ့အလယ်ပိုင်းဒေသမှ ဖြစ်သည်။

ကုန်ပစ္စည်းပေးသွင်းသူများဘက်မှ ပစ္စည်းပို့ဆောင်မှုကို ကြန့်ကြာစေခြင်း သို့မဟုတ် စာချုပ်များကိုရပ်စဲရန် အရေးပေါ်အခြေအနေဆိုင်ရာ အချက် အလက်များ (Force Majeure Clauses) ကို အသုံးပြုလာနိုင်ခြင်းတို့ကြောင့် ဧပြီလအစောပိုင်းမှစ၍ လေယာဉ်ဆီပြတ်လပ်မှုများ ဖြစ်ပေါ် လာနိုင်ကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့က ယခုလအစောပိုင်းတွင် သတိပေးခဲ့သည်။ ဗီယက်နမ်နိုင်ငံသုံး လေယာဉ်ဆီ၏ ၇၀ ရာခိုင်နှုန်း ခန့် ကို အဓိကအားဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းနေခြင်း ဖြစ်သည်။

အရှေ့တောင်အာရှရှိ အခြားဒေသများတွင်လည်း အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကို အကြောင်းပြု၍ ဖိလစ်ပိုင်အခြေစိုက် တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သော Cebu Air က ဧပြီလမှစတင်ကာ ခရီးစဉ်များကို လျှော့ချသွားရန် စီစဉ်နေကြောင်း တနင်္လာနေ့ (မတ် ၂၃) တွင် ထုတ်ပြန်ခဲ့သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂