ပင်လယ်ရေနက်စူးစမ်းလေ့လာရေးခရီး၌ အဏ္ဏဝါမျိုးစိတ်သစ် ၃၈ မျိုး တွေ့ရှိ
တိုကျို မေ ၁၂
ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များသည် ရှင်ကိုင်း ၆၅၀၀ လူစီးရေအောက်သုတေသနယာဉ်ဖြင့် ရှာဖွေဖော်ထုတ်မှုအရ ဂျပန်နိုင်ငံအနီး ပင်လယ်ရေအောက် နက်ရှိုင်းသောနေရာနှစ်ခုတွင် အဏ္ဏဝါမျိုးစိတ်သစ် ၃၈ မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။
ဂျပန်ရေကြောင်း၊ ကမ္ဘာမြေသိပ္ပံနှင့် နည်းပညာအေဂျင်စီ (ဂျမ်စတက်) မှ သုတေသနပညာရှင်များ ပါဝင်သည့် သုတေသနပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ရေငုပ်ယာဉ်ကို အသုံးပြု၍ ပြုလုပ်ခဲ့သော ပင်လယ်ရေနက်စူးစမ်းလေ့လာရေးခရီးစဉ်အတွင်း သုတေသနနမူနာများကို ရယူ စုဆောင်းခဲ့သည်။
၎င်းတို့သည် ဂျပန်နိုင်ငံအနောက်ပိုင်း ကိုချိ စီရင်စုရှိ မူရိုတိုအငူ ကမ်းလွန်ရေအောက် ၄၆၀၀ မီတာအနက်ရှိ ပင်လယ်ကြမ်းပြင်အပါအဝင် နန်ကိုင်းရေအောက်ချိုင့်ဝှမ်းအနီးရှိ နေရာငါးနေရာကို စူးစမ်းလေ့လာခဲ့ကြသည်။ စူးစမ်းလေ့လာမှုများတွင် တိုကျိုတောင်ပိုင်း အီဇူကျွန်းနှင့် အိုဂါဆာဝါရာ ကျွန်းများအနီးရှိ ပင်လယ်ရေအောက် မီးတောင်လေးလုံးလည်း ပါဝင်သည်။
သုတေသနပညာရှင်များက ၎င်းတို့သည် ကဏန်းမျိုးစိတ်သစ်များ၊ ကြယ်ငါးမျိုးစိတ်သစ်များ၊ ပေါလီချိတ်ပိုးများနှင့် အခွံမာရေနေသတ္တဝါများအပါအဝင် မျိုးစိတ်သစ် ၃၈ မျိုးကို အတည်ပြုနိုင်ခဲ့ပြီး နောက်ထပ်မျိုးစိတ်သစ်ဖြစ်နိုင်သည့် ၂၈ မျိုးကိုလည်း ဆက်လက်လေ့လာလျက်ရှိသည်ဟု သတင်းထုတ်ပြန်သည်။
အဆိုပါရှာဖွေတွေ့ရှိမှုများကြောင့် ပင်လယ်ထဲတွင် နောက်ထပ်မရှာဖွေမတွေ့ရှိနိုင်သေးသော သက်ရှိအမျိုးအစားများ အမြောက်အမြားကျန်ရှိနေသေးသည်ဟု သုတေသနပညာရှင်များက ပြောသည်။ လူသားတို့၏ လှုပ်ရှားဆောင်ရွက်မှုများသည် အဏ္ဏဝါအထိ ကျယ်ပြန့်လာပြီဖြစ်သည်ဟု ဂျမ်စတက်မှ အကြီးတန်းသုတေသနပညာရှင် ဝမ်တာနာဘေ ဟီရိုမီက ပြောသည်။
အင်န်အိတ်ချ်ကေ
MDN
