ယခုနှစ်ဇွန်လမှ ဩဂုတ်လအထိ အယ်နီညိုဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိဟု ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအေဂျင်စီ ခန့်မှန်း

News Image

  • ယခုနှစ်ဇွန်လမှ ဩဂုတ်လအထိ အယ်နီညိုဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိဟု ကုလသမဂ္ဂ ကမ္ဘာ့မိုးလေဝသအေဂျင်စီ ခန့်မှန်း

ဂျီနီဗာ  ဇွန်  ၃

ယခုနှစ် ဇွန်မှ ဩဂုတ်လအတွင်း အယ်နီညိုရာသီဥတု ဖြစ်ပေါ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသအေဂျင်စီက ခန့်မှန်းထားသည်။ ကမ္ဘာ့နေရာအများစုတွင် အပူချိန်မြင့်မားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပြင်းထန်သည့် ရာသီဥတုအခြေအနေများ  ဖြစ်ပေါ်နိုင် သည်ဟု သတိပေးထားသည်။

ပီရူးနိုင်ငံ ကမ်းရိုးတန်းအနီး ပစိဖိတ်သမုဒ္ဒရာ ရေပြင်၏ အပူချိန်မှာ ပုံမှန်နှစ်များထက်  ပိုမိုမြင့်တက်လာသည့်အခါ အယ်နီညိုအခြေအနေဖြစ်ပေါ်လာသည်။ အဆိုပါဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုအခြေအနေကို သက်ရောက်မှုရှိစေသည်ဟု ယူဆကြသည်။

ဇွန် ၂ ရက်တွင် ထုတ်ပြန်သည့်  မိုးလေဝသခန့်မှန်းချက်အရ  အီကွေတာပစိဖိတ်ဒေသ၌ ပင်လယ်ရေမျက်နှာပြင်အပူချိန်မှာ မြင့်တက်နေသည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောသည်။ အလယ်အလတ်အဆင့် သို့မဟုတ် ပြင်းထန်သည့် အယ်နီညိုဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းထား သည်။ အဆိုပါအခြေအနေသည် ပြင်းထန်သည့် ရာသီဥတုအခြေအနေများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ အတွင်းရေးမှူးချုပ် စီလက်ဆော်လိုက ပြောသည်။

အပူချိန်နှင့်ဆက်စပ်သည့် ဖျားနာမှုများအပြင် အခြားသောရောဂါပိုးသယ်ဆောင်လာသည့် သတ္တဝါများမှ ကူးစက်သည့်ရောဂါများ ပိုမိုကျယ်ပြန့်စွာဖြစ်ပေါ်လာခြင်း၊ အစားအစာနှင့် ရေအရင်းအမြစ်များအပေါ်  ဖိအားများ  ပိုမိုတိုးလာခြင်းတို့ ဖြစ်နိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

အယ်နီညိုရာသီဥတုသည် ပူနွေးနေသည့် ကမ္ဘာကြီးကို လောင်စာပေးလိုက်သည့် အခြေအနေတစ်ရပ်ဖြစ်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ပြောသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရန်အပါအဝင် ရာသီဥတုပြောင်းလဲမှုကို အရေးယူဆောင်ရွက်ကြရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

အင်န်အိတ်ချ်ကေ

MDN