"No Kings" ကန့်ကွက်ဆန္ဒပြပွဲများ အမေရိကန်တစ်ဝန်း ပျံ့နှံ့လာ

News Image

  • "No Kings" ကန့်ကွက်ဆန္ဒပြပွဲများ အမေရိကန်တစ်ဝန်း ပျံ့နှံ့လာ

အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ မြို့ကြီးများတွင် သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒများကို ဆန့်ကျင်သည့် “No Kings” လူထုဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လျက်ရှိသည်။ အဆိုပါလှုပ်ရှားမှုကို ၂၀၂၅ ခုနှစ် ဇွန်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်သည် တတိယအကြိမ် မြောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲသည့် ဆန္ဒပြပွဲဖြစ်သည်။

ဆန္ဒပြသူများသည် “ရှင်ဘုရင်မရှိ၊ သရဖူမရှိ၊ ငါတို့နောက်မဆုတ်ဘူး” (No king, No crown, We will not back down) ဟူသော ကြွေးကြော်သံများဖြင့် လမ်းမပေါ်ထွက်လာကြပြီး လက်ရှိအစိုးရလက်ထက် ကျဆင်းနေသော စီးပွားရေး၊ မြင့်တက်လာသည့် ကုန်ဈေးနှုန်းများနှင့် အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများအပေါ် ပြင်းထန်စွာ ဝေဖန်ကန့်ကွက်လျက်ရှိကြသည်။

အဆိုပါ ဆန္ဒပြပွဲများသည် အတိုက်အခံ နယ်မြေများတွင်သာမက အစိုးရကိုထောက်ခံသည့် ရီပတ်ဘလီကန် အားကောင်းရာ ဒေသများတွင်ပါ ထက်ဝက်ခန့် ဖြစ်ပွားခဲ့ခြင်းက ထူးခြားချက်တစ်ရပ် ဖြစ်နေသည်။ ဆန္ဒပြပွဲ၏ အဓိကဗဟိုချက်ဖြစ်သော မင်နီယာပိုလစ်မြို့တွင် ကျင်းပသည့် အခမ်းအနား၌ အထက်လွှတ်တော်အမတ် ဘာနီ ဆန်းဒါးစ်က အမေရိကန် နိုင်ငံသည် အာဏာရှင်စနစ်သို့ ဦးတည်သွားနိုင်သည့် အန္တရာယ်ရှိသော အခိုက်အတန့်သို့ ရောက်ရှိနေကြောင်း သတိပေးခဲ့ပြီး ပြည်သူကသာ တိုင်းပြည်ကို အုပ်ချုပ်ရမည်ဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။ ထို့အပြင် ရော့ခ်ဂီတပညာရှင် ဘရုစ် စပရင်းစတင်း (Bruce Springsteen) ကဲ့သို့သော ထင်ရှားကျော်ကြားသူများကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများသည် စီးပွားရေးအကျပ်အတည်းအပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေတင်းကျပ်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ စိုးရိမ်မှုများနှင့် လူမျိုး ကွဲပြားမှုဆိုင်ရာ အခွင့်အရေးများအတွက်လည်း တောင်းဆိုခဲ့ကြသည်။ အထူးသဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသား နှစ်ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်အပေါ်တွင်လည်း လူထုက အကြီးအကျယ် မကျေမနပ်ဖြစ်နေကြသည်။ သို့သော်လည်း အိမ်ဖြူတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူကမူ အဆိုပါ ဆန္ဒပြပွဲများကို အရေးမပါသောလှုပ်ရှားမှုများအဖြစ်သာ သတ်မှတ်ကာ ပယ်ချထားပြီး သမ္မတအပေါ် အစွန်းရောက်မုန်းတီးသူများ၏ စုဝေးမှုအဖြစ်သာ တုံ့ပြန်ပြောဆိုထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂