အလျှော့မပေးဘဲ လက်တုံ့ပြန်နေသည့် အီရန်နှင့်အမေရိကန်တို့၏ ဟော်မုရေလက်ကြား ဖွင့်လှစ်ရေးကြိုးပမ်းမှု

News Image

  • အလျှော့မပေးဘဲ လက်တုံ့ပြန်နေသည့် အီရန်နှင့်အမေရိကန်တို့၏ ဟော်မုရေလက်ကြား ဖွင့်လှစ်ရေးကြိုးပမ်းမှု

   အီရန်ကထိန်းချုပ်ထားသည့် ဟော်မု ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပြီး ရေနံများ စတင်သယ်ယူနိုင်ရန်အတွက် အချိန်အနည်းငယ်သာ လိုအပ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီလ ၃ ရက်တွင် ပြောကြားလိုက်သည်ကို တွေ့ရသည်။ 

အမေရိကန်အနေဖြင့် အချိန်အနည်းငယ်ယူ၍ လုပ်ဆောင်နိုင်မည်ဆိုပါက မိမိတို့အနေဖြင့် ဟော်မုရေလက်ကြားကို အလွယ်တကူ ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု ထရမ့်က ၎င်း၏လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် အီရန်နှင့်လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲပြီးဆုံးသွားသည့်တိုင်အောင် အီရန်နိုင်ငံက အဆိုပါရေလက်ကြားကို ဆက်လက် ထိန်းချုပ်ထားနိုင်ပါက ထိုသို့သော အခြေအနေမျိုးကို  အမေရိကန်အစိုးရ၏ ဗျူဟာမြောက် ရှုံးနိမ့်မှုတစ်ခုအဖြစ် နိုင်ငံတကာအသိုက်အဝန်းက ရှုမြင်ကြမည် ဖြစ်ကြောင်း အနောက်နိုင်ငံမှ သတင်းဌာနကြီးတစ်ခု ထောက်ပြထားသည်။ 

ထိုသို့သောအခြေအနေမျိုးတွင် အီရန်အနေဖြင့် ဟော်မုရေလက်ကြားမှ ဖြတ်သန်းသွားလာသည့် ရေနံတင်သင်္ဘောများအပေါ် အခွန်အခများ ကောက်ခံခြင်းဖြင့် ငွေကြေးအကျိုးအမြတ် ရှာဖွေရန်ကြိုးပမ်းလာမည်ဖြစ်ကြောင်း    အဆိုပါသတင်းဌာနကဆက်လက်ဖော်ပြထားသည်။

လက်ရှိတွင် အီရန်နိုင်ငံသည် အခြေခံ စားသောက်ကုန်များနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ   အကူအညီများ တင်ဆောင်လာသည့် သင်္ဘောများအား ဟော်မုရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း   တက်စမင်သတင်းဌာနက ဧပြီလ ၄ ရက်တွင် ဖော်ပြထားသည်။

တစ်နည်းအားဖြင့်ဆိုရပါမူ  အခြေခံစားသောက်ကုန်များနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်လာသည့် သင်္ဘောများအနေဖြင့် အီရန်နိုင်ငံအတွင်းရှိ  ဆိပ်ကမ်းများ သို့မဟုတ် အိုမန်ပင်လယ်ကွေ့တွင် တည်ရှိသောဆိပ်ကမ်းများသို့ ဟော်မုရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်သည်။

 ထို့ပြင် အီရန်နိုင်ငံသည် ၎င်းနှင့်ဆက်ဆံရေး ကောင်းမွန်နေသည့်  နိုင်ငံများမှ သင်္ဘောများကိုလည်း  ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပေးထားပြီဖြစ်သည်။

သို့သော် အမေရိကန်၊ အစ္စရေးနိုင်ငံတို့နှင့် ဆက်နွှယ်နေသည့် နိုင်ငံများကိုမူ ဆက်လက် ပိတ်ပင်ထားဆဲပင်ဖြစ်သည်။ ထိုသို့သော  အခြေအနေမျိုးတွင် အမေရိကန်သမ္မတ ထရမ့်၏ပြောဆိုချက်များသည် အကောင်းမြင်လွန်းနေသည်ဟု အကဲခတ်သူများနှင့် လေ့လာသူများက ပြောဆိုထားသည်။

အကြောင်းမှာ အီရန်အနေဖြင့် စွမ်းအင်ကြွယ်ဝပြီး ဒုံးကျည်နည်းပညာမြင့်မားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် အရှေ့အလယ်ပိုင်းတွင် အမေရိကန်ကို အန်တုနိုင်ရန်အတွက် ဟော်မုရေလက်ကြားကို   ဆက်လက်ထိန်းချုပ်နိုင်မှသာဖြစ်နိုင်မည်ကို အီရန်မူဝါဒချမှတ်သူများက သဘောပေါက်ထား သလို အမေရိကန်ထောက်လှမ်းရေးအရာရှိများကလည်း ယင်းအချက်ကို နားလည်ထားသည်။

ထို့ပြင် အီရန်အစိုးရသည် အမေရိကန်ပြည်ထောင်စုက ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရန် ကမ်းလှမ်းခဲ့သော်လည်း အဆိုပါကမ်းလှမ်းမှုကို  အကြောင်းပြန်ခြင်းမရှိဘဲ ငြင်းပယ်ခဲ့ပြီး ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက် ရှိနေခြင်းကလည်း ဟော်မုရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး အမေရိကန်တို့၏ကြိုးပမ်းမှုကို အီရန်ဘက်က ငြင်းဆန် နေခြင်းကို ပြသနေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့်ပင် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်မြို့တော် တီဟီရန်အပါအဝင် တစ်နိုင်ငံလုံးအနှံ့တွင် ဗုံးကြဲတိုက်ခိုက်မှုများ   လုပ်ဆောင်နေလင့်ကစား အီရန်အနေဖြင့် ဒေသတွင်းရှိ အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ဘက်နှင့်စီးပွားရေးနှင့်အခြားနည်းပညာဆိုင်ရာ အခြေခံအဆောက် အဦများကိုပါ လက်တုံ့ပြန်လျက်ရှိနေခြင်းကြောင့် ရေလက်ကြားပြန်လည် ဖွင့်လှစ်နိုင်မည်ဟူသော ထရမ့်၏အိပ်မက်သည် လောလောဆယ်တွင်   အလှမ်းဝေးကွာနေမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

MWD