အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းမှုကန့်သတ်ထားခြင်းအား ရုပ်သိမ်းပေးရေး တောင်းဆိုသွားမည်ဟု ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားက သဘောတူ
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ဥရောပနိုင်ငံများသို့ ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းမှုကို ကန့်သတ်ထားခြင်းအား ရုပ်သိမ်းပေးရေးအတွက် ဥရောပသမဂ္ဂထံ တောင်းဆိုသွားမည်ဟု ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့က သဘောတူညီလိုက်ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်သည် ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုနှင့် ဖုန်းမှတစ်ဆင့် ပြောဆိုဆွေးနွေးပြီးနောက်ပိုင်းတွင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ပြောကြားခြင်းဖြစ်သည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုန်ကြမ်းနှင့် လောင်စာဆီပြတ်လပ်မှုမရှိစေရန်နှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကိုရှောင်ရှားနိုင်ရန် အရေးပေါ်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟုရှုမြင်လျက်ရှိကြောင်း ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့က ပြောကြားထားသည်။
ထို့ကြောင့် ဥရောပသမဂ္ဂအနေဖြင့် ရုရှားစွမ်းအင်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့် ကန့်သတ်မှုများကို ချက်ချင်းရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်း အော်ဘန်က ဟန်ဂေရီရုပ်သံမှတစ်ဆင့် ဗီဒီယိုမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ဥရောပနိုင်ငံများ၏ စီးပွားရေးသည် စွမ်းအင်ပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း၊ ထို့ကြောင့် ဥရောပသမဂ္ဂအနေဖြင့် ဖြစ်နိုင်သမျှ အရင်းအမြစ် အားလုံးကို အသုံးပြုခြင်းအားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို တတ်နိုင်သမျှ ပမာဏ အများအပြားကို အမြန်ဆုံးဖြည့်တင်းမှသာ အဆိုပါအန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
MWD
