ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်စခန်းအနီး အစ္စရေးအလံစိုက်ထူမှုကြောင့် တပ်ဖွဲ့ဝင်များ အန္တရာယ်ရှိနိုင်ဟု သတိပေး
လက်ဘနွန်တောင်ပိုင်းရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်စခန်းတစ်ခု၏ဘေးတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အစ္စရေး အလံ ကို စိုက်ထူခဲ့ကြောင်း၊ အဆိုပါလုပ်ရပ်သည် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ကျရောက်လာစေနိုင်ကြောင်း ကုလ သမဂ္ဂက သတိပေးပြောကြားလိုက်သည်။
နယ်စပ်တစ်လျှောက် အစ္စရေးတပ်ဖွဲ့များနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာအဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုများ ပြင်းထန်လာနေပြီး ယင်းပဋိပက္ခအတွင်း ကုလသမဂ္ဂတပ်ဖွဲ့ဝင်များပါ စစ်မီးအတွင်းသို့ ပိုမိုရောက်ရှိလာချိန်တွင် အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မကြာသေးမီရက်ပိုင်းအတွင်းကပင် လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီ တပ်ဖွဲ့ (UNIFIL) မှ အင်ဒိုနီးရှားနိုင်ငံသား တပ်ဖွဲ့ဝင် ၃ ဦးမှာ သီးခြားဖြစ်ရပ် နှစ်ခုအတွင်း သေဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင်တစ်ဦးလည်း ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
ကြာသပတေးနေ့ (ဧပြီ ၂) က ပြုလုပ်ခဲ့သော ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ကဖာကီလာ (Kfar Kila) ကျေးရွာအနီးရှိ စခန်းတစ်ခုတွင် အလံစိုက်ထူခဲ့ပြီးနောက် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များက ထိုအလံကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေးတပ်ဖွဲ့များသည် ကုလသမဂ္ဂက သတ်မှတ်ထားသော Blue Line (အပြာရောင်မျဉ်း) ၏ အနောက်ဘက်ခြမ်းသို့ ကျူးကျော်ဝင်ရောက်မှုများ တိုးမြှင့်လုပ်ဆောင်လာပြီး အနောက်ဘက်ဒေသတွင် တင့်ကားများနှင့် တိုက်ခိုက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
"ဒီအလံစိုက်ထူမှုဟာ UNIFIL ရဲ့ ဘက်မလိုက်မှုကို ထိခိုက်စေသလို လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားထဲမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဆီ ပစ်ခတ်မှုတွေ ဦးတည်လာအောင် ဖိတ်ခေါ်သလို ဖြစ်နေပါတယ်" ဟု Dujarric က သတင်းထောက်များကို ပြောကြားခဲ့ပြီး မစ်ရှင်ကို ပိုမို အန္တရာယ် ဖြစ်စေမည့်လုပ်ရပ်မျိုး မလုပ်ဆောင်ကြရန် အဖွဲ့အစည်းအားလုံးကို တိုက်တွန်းခဲ့သည်။
ကဖာကီလာကျေးရွာသည် အစ္စရေးတပ်ဖွဲ့နှင့် ဟစ်ဇဘိုလာတို့ တိုက်ပွဲဖြစ်ပွားနေသော နယ်စပ်ရွာတစ်ရွာဖြစ်ပြီး အစ္စရေး (IDF) က လက်နက်ကိုင်များ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် လုံခြုံရေးဇုန်ဖော်ဆောင်ရန်အတွက် ဖျက်ဆီးရန်လျာထားသော နေရာများထဲတွင်ပါဝင်နေကြောင်း သိရှိရသည်။ လက်ဘနွန်သံတမန်နှင့် ကုလသမဂ္ဂ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်သူ Mohamad Safa က အဆိုပါအလံပုံကို X ပေါ်တွင် မျှဝေခဲ့သည်။ ၎င်းက ထိုပုံကို ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးက ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး "ကုလသမဂ္ဂ တပ်ဖွဲ့ဝင် ၃ ဦးကို သတ်ဖြတ်ခံရပြီး နောက်တစ်ရက်မှာပင် IDF စစ်သားတွေက အလံစိုက်ထူခဲ့တာ ဖြစ်တယ်" ဟု ရေးသားခဲ့သည်။
အင်ဒိုနီးရှားတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးမှုအတွက် ကနဦး စုံစမ်းစစ်ဆေးချက်များအရ ဘာနီဟိုင်ယန် (Bani Haiyyan) မြို့အနီးတွင် ၎င်းတို့၏ ယာဉ်တန်းကို လမ်းဘေးဗုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရပြီး တတိယမြောက်တပ်ဖွဲ့ဝင်မှာမူ အဒ်ချစ်အယ်လ်ကူဆေးရ် (Aadchit al-Qusayr) ရွာအနီးရှိ UNIFIL စခန်းသို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံကလည်း UNIFIL တပ်ဖွဲ့ဝင် များအပေါ် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်ရန် ကုလသမဂ္ဂကို တောင်းဆိုထားသည်။
၁၉၇၈ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သော UNIFIL တွင် လက်ရှိ၌ နိုင်ငံပေါင်းစုံမှ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၇,၅၀၀ ခန့် ပါဝင်သည်။ ပြီးခဲ့သည့် နှစ်က လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကာလသည် ၂၀၂၆ ခုနှစ်ကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လက်ဘနွန်အစိုးရတပ်ဖွဲ့များထံ စခန်းများလွှဲပြောင်းကာ အပြီးအပိုင် ရုပ်သိမ်းသွားရန် စီစဉ်ထားသည်။
ကိုးကား - RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,