EU သည် NATO ထက် ပိုမိုကြီးမားသော စစ်ရေးခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်ဟု မက်ဗီဒက်ဗ် ပြောကြား
ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒမီထရီ မက်ဗီဒက်ဗ်က ဥရောပသမဂ္ဂ (EU) သည် နေတိုး (NATO) ထက် ပိုမိုပြင်းထန်သော စစ်ရေး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားလိုက်သည်။
နေတိုးအဖွဲ့အတွင်း အမေရိကန်နှင့် ဥရောပနိုင်ငံများအကြား သဘောထားကွဲလွဲမှုများရှိနေခြင်းက EU ခေါင်းဆောင်များကို သီးခြား လွတ်လပ်သော စစ်ရေးအင်အားစုတစ်ခုတည်ထောင်ရန် တွန်းအားပေးနေပြီး ယင်းသည် ရုရှားအပေါ်ရန်လိုသည့် အဖွဲ့အစည်းတစ်ခုအဖြစ် အချိန်တိုအတွင်း ပြောင်းလဲသွားနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ မော်စကိုအနေဖြင့် ယခင်က EU ကို စီးပွားရေးသမဂ္ဂတစ်ခုအဖြစ်သာ ရှုမြင်ခဲ့သော်လည်း ယခုအခါ စစ်ရေးအရ တက်ကြွစွာဆန့်ကျင်ရမည့် မဟာဗျူဟာမြောက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ရန် လိုအပ်လာပြီဟု ဆိုသည်။
အခြားတစ်ဖက်တွင်လည်း EU သည် ၂၀၃၀ ပြည့်နှစ်တွင် လက်နက်နှင့် လုံခြုံရေးဆိုင်ရာကဏ္ဍများ၌ ယူရို ၈၀၀ ဘီလီယံခန့် သုံးစွဲရန် စီစဉ်နေပြီး ယင်းသည် ရုရှားနှင့်ဖြစ်ပွားလာနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိုပါ စီမံကိန်းသည် စီးပွားရေးဖိအားများနှင့် အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုများကြောင့် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရသည်။
မော်စကိုကမူ ၎င်းတို့အနေဖြင့် ဥရောပနိုင်ငံများကို တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်းနှင့် အနောက်အုပ်စုသည် လက်နက်ဝယ်ယူရန်အတွက်သာ ရုရှား၏ ခြိမ်းခြောက်မှုကို အကြောင်းပြချက်အဖြစ် အသုံးပြုနေခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။ ထို့အပြင် ဂျော်ဂျီယာ ကဲ့သို့သော နိုင်ငံများအပေါ် EU ၏ သဘောထားပြောင်းလဲလာမှုနှင့် အဖွဲ့အတွင်း အပြင်းအထန်ဖြစ်ပေါ်နေသော ရုရှား ဆန့်ကျင်ရေးဝါဒများက ရုရှားအစိုးရအတွက် ပိုမိုစိုးရိမ်စရာ ဖြစ်လာစေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,