ယူကရိန်းနိုင်ငံတွင် စစ်သားစုဆောင်းရေးအရာရှိနှစ်ဦး ဓားဖြင့်ထိုးခံရ
ယူကရိန်းနိုင်ငံတွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူသစ်စုဆောင်းမှုများနှင့်ပတ်သက်၍ အရာရှိများနှင့် ပြည်သူများအကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်း ပြီးခဲ့သည့် စနေနေ့ (ဧပြီ ၄) က နိုင်ငံအလယ်ပိုင်း Vinnitsa မြို့တွင် စုဆောင်းရေးအရာရှိနှစ်ဦး ဓားဖြင့်ထိုးခံရသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် အရာရှိများက သံသယရှိသူအား အထောက်အထားစစ်ဆေးရန် တားမြစ်စဉ်အတွင်း ၎င်းက ရုတ်တရက် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ စစ်သည်နှစ်ဦးအနက်တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ အာဏာပိုင်များ၏ အဆိုအရ အဆိုပါ တိုက်ခိုက်သူသည် ၂၀၂၅ ခုနှစ်ကတည်းက စစ်ဘက်ဆိုင်ရာ မှတ်ပုံတင်ခြင်း သတ်မှတ်ချက်များကို ချိုးဖောက်နေသူဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ ယူကရိန်းတွင် ‘Busification’ ဟု လူသိများသော လမ်းပေါ် တွင်ဖမ်းဆီး၍ မီနီဘတ်စ်ကားများဖြင့် စုဆောင်းရေးစင်တာများသို့ အတင်း အဓမ္မပို့ဆောင်သည့် စနစ်ကြောင့် ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ ဒေသဆိုင်ရာ စစ်မှုထမ်းစုဆောင်းရေး ရုံးကမူ စစ်မျက်နှာပြင်ရှိ အင်အားကို ဖြည့်တင်းရန်နှင့် အရပ်သားများကို ကာကွယ်ရန်အတွက် ယခုကဲ့သို့ စုဆောင်းမှုများသည် မရှိမဖြစ်လိုအပ်ကြောင်း တုံ့ပြန်ထားသော်လည်း မကြာသေးမီလများအတွင်း အနောက်ပိုင်းမြို့ဖြစ်သော Lviv တွင်လည်း အရာရှိတစ်ဦး ဓားဖြင့် ထိုးသတ်ခံရသည်အထိ အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။
ထို့အပြင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော စီးနင်းဖမ်းဆီးမှု ဗီဒီယိုများကြောင့် လူငယ်များအကြား စစ်မှုထမ်းများအပေါ် နှောင့်ယှက်စော်ကားမှု များ ရှိလာနေခြင်းကို လူ့အခွင့်အရေးအရာရှိများက စိုးရိမ်ဖွယ်ရာ အခြေအနေအဖြစ် ထောက်ပြထားသည်။ ယူကရိန်း လွှတ်တော်အမတ် ဗာဒင် အိုင်ဗန်ချန်ကို၏ အဆိုအရ လက်ရှိတွင် စစ်တပ်သို့ မိမိသဘော ဆန္ဒအလျောက် ဝင်ရောက်သူ အရေအတွက်မှာ ၁၀ ရာခိုင်နှုန်းပင်မရှိဘဲ လူသစ်စုဆောင်းမှုနှုန်းမှာလည်း စစ်တပ်၏ လူအင်အားလိုအပ်ချက် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်သည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,