ဆိုးရော့စ် ကျောထောက်နောက်ခံပြုအဖွဲ့များ၏ ဆင်ဆာဖြတ်တောက်ရန် ကြိုးပမ်းမှုကို Telegram တည်ထောင်သူ ဒူရော့ဗ် ပြင်းပြင်းထန်ထန် ဝေဖန်
Telegram တည်ထောင်သူ ပါဗယ်ဒူရော့ဗ် (Pavel Durov) က ဥရောပ သမဂ္ဂ (EU) သည် အွန်လိုင်းစောင့်ကြည့်မှုနှင့် ဆင်ဆာ ဖြတ်တောက်မှု များ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ဘီလျံနာ ဂျော့ချ်ဆိုးရော့စ် (George Soros) ထံမှ ရန်ပုံငွေရရှိထားသော NGO များနှင့် လက်ဝေခံ မီဒီယာ များကိုအသုံးချ၍ အကြောင်းပြချက်ရှာဖွေနေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်သည်။
ထိုပြောဆိုချက်သည် ပြင်သစ်အစိုးရပိုင် France 24 ရုပ်သံက AI Forensics အမည်ရှိ NGO ၏ လေ့လာမှုတစ်ရပ်ကို ကိုးကား၍ Telegram ပေါ်တွင် အမျိုးသမီးများ၏ ဗလာကျင်းပုံရိပ်များ ဖြန့်ဝေနေမှုကို Telegramက နှိမ်နင်းရန် ပျက်ကွက်နေကြောင်း သတင်းဖော်ပြခဲ့ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။
အဆိုပါ AI Forensics ၏ လေ့လာမှုတွင် Telegram သည် TikTok နှင့် Instagram မှ ရယူထားသော အလွဲသုံးစားပြုသည့် အကြောင်းအရာ များကို ဖြန့်ဝေရာဗဟိုချက်ဖြစ်နေပြီး ၎င်း၏ လုံခြုံရေးအင်္ဂါရပ်များက ရာဇဝတ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိစေသည်ဟု စွပ်စွဲထားသည်။ ထို့အပြင် Telegram ကို ပိုမိုတင်းကျပ်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရန် အလွန်ကြီးမားသော အွန်လိုင်းပလက်ဖောင်း (VLOP) အဖြစ် သတ်မှတ်ရန် EU ကို တိုက်တွန်းထားသည်။
ဒူရော့ဗ်က အဆိုပါစွပ်စွဲချက်များအပေါ် တုံ့ပြန်ရာတွင် အခြားသော ဆိုရှယ်မီဒီယာများမှ အကြောင်းအရာများကို သီးသန့်ဂရုများအတွင်း ဆွေးနွေးနေခြင်းကြောင့် မိမိတို့ပလက်ဖောင်းကို ပြဿနာဟု သတ်မှတ်ခြင်းမှာ ရူးကြောင်ကြောင်နိုင်လှသည်ဟု ဆိုသည်။ ၎င်းက AI Forensics သည် ဥရောပကော်မရှင်၏ ဆိုးရော့စ်ရန်ပုံငွေသုံး ကန်ထရိုက်တာ ဖြစ်ပြီး၊ El Pais၊ Der Spiegel နှင့် Wired ကဲ့သို့သော ကမ္ဘာလုံး ဆိုင်ရာဝါဒီ မီဒီယာများက ထိုလုပ်ကြံသတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြကြောင်း ထောက်ပြခဲ့သည်။ ထိုကဲ့သို့သော လူထုကို လှည့်စားရန် ကြိုးပမ်းမှုများသည် လူသားတို့၏ ကျန်ရှိနေသောလွတ်လပ်ခွင့်များကို သိမ်းပိုက်ရန်အတွက်သာ ဖြစ်သည်ဟု ၎င်းက သတိပေးခဲ့သည်။
လက်ရှိတွင် ပါဗယ်ဒူရော့ဗ်သည် Telegram ပေါ်ရှိ ရာဇဝတ်မှုများကို တားဆီးရန်ပျက်ကွက်မှု စွပ်စွဲချက်များဖြင့် ပြင်သစ်နိုင်ငံ၌ တရား ရင်ဆိုင်နေရပြီး ၎င်းအပေါ် တရားစွဲဆိုထားခြင်းမှာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု အခိုင်အမာ ပြောဆို ထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
