မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေး

News Image

  • မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေး

နေပြည်တော် ဧပြီ ၁၃

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. S.E.Tsivilev တို့၏ ဖိတ်ကြားမှုအရ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ၂ဝ၂၆ ခုနှစ် ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရုတ်နိုင်ငံမှတစ်ဆင့် သွားရောက်ရန်အတွက် ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းက မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ညနေပိုင်းတွင်ရောက်ရှိရာ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သောအဖွဲ့ က အလုပ်သဘောညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ညစာစားပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့သို့ ရောက်ရှိ နေစဉ်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင် ကုမ္ပဏီများဖြစ်သည့် China Southern Power Grid၊ Yunnan Energy Group ၊ Union Resources & Engineering Co., Ltd. ၊ Yunnan Xianshang Export and Import Co.,Ltd. တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

 

China Southern Power Grid နှင့် တွေ့ဆုံဆွေးနွေးရာတွင် တရုတ် - မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းဆောင်ရွက်နေမှု၊ မဲခေါင်မြစ်ကြောင်း တစ်လျှောက် မြန်မာ - လာအို နယ်စပ်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားရှိမှု၊ လာအို -မြန်မာနယ်စပ် မဲခေါင်မြစ်တစ်လျှောက်တွင် ရေအားလျှပ်စစ်စီမံကိန်းများ စူးစမ်းလေ့လာမှု လုပ်ငန်း ဆောင်ရွက်ရန် စီမံထားရှိမှု၊ လာအို - မြန်မာ ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများ ပြီးစီးပါက တောင်ပိုင်းဓာတ်အားသုံးစွဲသည့် ဒေသများသို့ ဓာတ်အားပေးပို့နိုင်ရေးအတွက် ဓာတ်အားလိုင်း ကွန်ရက်တည်ဆောက်ရန် ကြိုတင်အစီအမံပြုလုပ်၍ စီမံချက်ရေးဆွဲသွားရန် လိုအပ်မှု အခြေအနေ၊ ရန်ကုန်မြို့တွင်း ဓာတ်အားဖြန့်ဖြူးရေးတွင် ဓာတ်အားပျောက်ဆုံးမှုလျော့ကျစေရေး ဦးစားပေးဆောင်ရွက်လိုသည့် အခြေအနေ၊ စက်သုံးဆီသုံးစွဲမှု လျော့ကျစေရေး EV Charging Stations များကိုဆိုလာနှင့် ပေါင်းစပ်ပြီး မြန်မာဓာတ်အားစနစ်နှင့် ကိုက်ညီသည့် လက်တွေ့ကျသည့် System Design တစ်ခုကို ဆောင်ရွက်သွားလိုသည့် အခြေအနေနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံဆွေးနွေး

Yunnan Energy Group ၊ Union Resources & Engineering Co.,Ltd. နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်၊ လေအား စွမ်းအင် တို့ဖြင့် ဓာတ်အားပေးစက်ရုံ တည်ဆောက် နိုင်မည့်အခြေအနေ၊ ကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသော ရေအား၊ ဆိုလာ၊ လေအားနှင့် LNG သုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်ရန် ကိစ္စရပ်များကို လည်းကောင်း၊ Yunnan Xianshang Export and Import Co.,Ltd. နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ နိုင်ငံအတွင်းသို့ စက်သုံးဆီတင်သွင်းရာတွင် သက်သာသောနှုန်းထားဖြင့် ရေရှည်တင်သွင်းနိုင်ရေး ကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

MDN