နေတန်ယာဟုက ဟိုလိုကော့စ် (ဂျူးလူမျိုးတုံးသတ်ဖြတ်မှု) အောက်မေ့ဖွယ်နေ့တွင် ဥရောပသည် ‘ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အားနည်းနေသည်’ ဟု ပြင်းထန်စွာ ဝေဖန်
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဥရောပနိုင်ငံများသည် ဒုတိယကမ္ဘာစစ်နှင့် ဟိုလိုကော့စ် (ဂျူးလူမျိုးတုံးသတ်ဖြတ်မှု) တို့မှ ရရှိ ခဲ့သည့်သင်ခန်းစာများကို မေ့လျော့နေကြပြီဟု ပြောကြားလိုက်ပြီး အီရန်နှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ဥရောပနိုင်ငံများက ဝိုင်းဝန်းကူညီခြင်း မရှိသည့်အပေါ် ဝေဖန်ပြစ်တင်လိုက်သည်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်-အစ္စရေး ပူးပေါင်း တိုက်ခိုက်မှုအပြီးတွင် အီရန်က ဟော်မုဇ်ရေလက်ကြားကို ရန်ဘက်နိုင်ငံများ၏ သင်္ဘော များ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့ထားခဲ့သည်။ ထိုရေလက်ကြားအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တောင်းဆိုချက်ကို ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီ အပါအဝင် ဥရောပနိုင်ငံများစွာက ငြင်းဆိုခဲ့ကြသည်။
တနင်္လာနေ့ (ဧပြီ ၁၃) တွင် ကျရောက်သည့် ဟိုလိုကော့စ် အောက်မေ့ဖွယ်နေ့၌ နေတန်ယာဟုက ပြောကြားရာတွင် ဥရောပသားများသည် ကျေးဇူးကန်း သူများ ဖြစ်သည်ဟုဖော်ပြခဲ့ပြီး အီရန်အပေါ်စစ်မက်ပြုခြင်းဖြင့် အမေရိကန် နှင့်အစ္စရေးတို့သည် ဥရောပကို ကာကွယ်ပေးနေခြင်းဖြစ်သည်ဟု အခိုင် အမာ ပြောဆိုခဲ့သည်။
“ဟိုလိုကော့စ်နောက်ပိုင်း အရာများစွာကိုမေ့လျော့နေတဲ့ ဥရောပဟာ မိမိတို့ဆီကနေ သင်ခန်းစာတွေ အများကြီးသင်ယူနိုင်ပါတယ် ၊ အဓိက ကတော့ အကောင်းနဲ့ အဆိုးကြားက ပြတ်သားတဲ့ ခြားနားချက်ပဲဖြစ်ပါတယ် ၊ အမှန်တရားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကောင်းမှုနဲ့ လူသား တွေရဲ့ အသက်ရှင်သန်မှုအတွက် မိမိတို့အနေဖြင့် တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်” ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “ဒုတိယကမ္ဘာစစ်အပြီးမှာ ကောင်းမှုကို ကာကွယ် ပါ့မယ်လို့ ကတိပြုခဲ့တဲ့ ဥရောပဟာ ဒီနေ့မှာတော့ နက်ရှိုင်းတဲ့ ကိုယ်ကျင့် တရားဆိုင်ရာ အားနည်းချက်တွေ ကပ်ငြိနေပါတယ်၊ ဥရောပဟာ သူတို့ရဲ့ မူလလက္ခဏာ၊ တန်ဖိုးထားမှုတွေနဲ့ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း ကို ရိုင်းစိုင်းကြမ်းကြုတ်မှုတွေကနေ ကာကွယ်ပေးမယ်ဆိုတဲ့ ကတိကဝတ်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါဘူး” ဟု ထပ်လောင်း ပြောဆို ခဲ့သည်။
အီရန်နိုင်ငံကမူ အဆိုပါစစ်ပွဲသည် အကြောင်းမဲ့ကျူးကျော်စစ်ဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းစွာ အသုံးပြုရန်အတွက် ယူရေနီယံသန့်စင်ခွင့် ဆိုသည့် ၎င်းတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကို ကာကွယ်သွားမည် ဟု ကတိပြုထားသည်။
ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးခဲ့သည့် အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့ပြီးနောက် တနင်္ဂနွေနေ့ (ဧပြီ ၁၂) တွင် သမ္မတထရမ့်က ဟော်မုဇ်ရေလက်ကြားကို ရေတပ်ဖြင့် ပိတ်ဆို့ရန် အမိန့် ပေးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
